ပုလောမြို့အဝင် မြို့မရဲစခန်းအနီးတွင် မြို့ခံအမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလောမြို့ခံအမျိုးသမီးတစ်ဦး ပလုံကောက်ရန်သွားစဥ် ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ မြို့မရဲစခန်းအနီး လမ်းဆုံတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူသည် ပုလောမြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၃၈နှစ်အရွယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုကတော့ ပလုံကောက်သူ တော်တော်ပေါလာတယ်။ ရွာလမ်းဆုံမှာ မိုင်းနင်းမိပြီး တစ်ယောက်သေသွားတယ်။ နာရေးအသင်းက လာယူပြီး သင်္ဂြိုဟ်ပေးလိုက်တယ်” ဟု အထက်ပါ ဒေသခံကပြောသည်။
ပုလောမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်။
ပုလောမြို့အဝင်တွင်ရှိသည့် တောင်ယာကမ်းရွာတွင် ပုလောမြို့မရဲစခန်း တည်ရှိသည်။







