ပုလောမြို့နယ်၊ ပလမြို့၊ ကဒဲရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာလေးစင်းဖြင့် ဗုံးလေးလုံးချပြီး တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ အိမ်သာများ ထိခိုက် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကဒဲရွာတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိပြီး ယခု ဗုံးချတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းတွင် ဘုန်းတော်ကြီး သီတင်း မသုံးသည်မှာ နှစ်နှင့်ချီ ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု ထိတဲ့ကျောင်းက ရွာအစွန်နားကျတယ်။ အဲဒီအနားမှာ လူတွေရော ဘုန်းကြီးရော မနေတာကြာပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
အဆိုပါ ဗုံးချတိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကဒဲရွာသည် ပလမြို့နှင့် နှစ်ရွာကျော်အကွာတွင် တည်ရှိသည်။
ပလမြို့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသောကြောင့် ကဒဲရွာ ဒေသခံအချို့ တိမ်းရှောင်နေကြကြောင်း အထက်ပါဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ပလနားမှာ တိုက်ပွဲမဖြစ်တာတော့ တစ်ပတ်လောက်ရှိပြီ။ လာကြဲတာ လူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
ဇူလိုင်လ ၉ ရက် နံနက် ၁၀ နာရီကျော်ကလည်း တပိုရွာနှင့် မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် ဗုံး ငါးလုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။







