ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် ဘန်လင်ရွာတွင် ထိတွေ့တိုက်ပွဲဖြစ်

July 21, 2026

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ဘန်လင်ရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် ‌တော်လှန်ရေး တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၆ နာရီတွင် ဘန်လောရွာ၊ ကျောက်ပုံတောင် (ဒေသအခေါ်) တွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သား ၅၀ ခန့်သည် ဘန်လင်ရွာသို့ စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲက တိုးလိုက်ဆုတ်လိုက် နှစ်ကြိမ်ဖြစ်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ပြီးတော့ (စစ်အာဏာရှင်တပ်) ပြန်ဆုတ်သွားတယ်။ ခုတော့ (မွန်းလွဲ ၂ နာရီ) ငြိမ်နေတယ်” ဟု ၎င်းက ပြောသည်။

နံနက် ၆ နာရီတွင် မိနစ် ၂၀ ကြာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီး ဒုတိယအကြိမ်အဖြစ် ၇ နာရီတွင် ၁၀ မိနစ်ကြာ ထပ်မံဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် ဘန်လောရွာတောလမ်းများမှတစ်ဆင့် ဘန်လင်ရွာသို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဘန်လောရွာသို့ ပြန်ဆုတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်ဖွဲ့သည် ‌ဘန်လောရွာ ကျောက်ပုံတောင်တွင် တပ်စွဲထားသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခြေအနေ ငြိမ်ရင် ရွာထဲပြန်လာနေသူ နည်းနည်းရှိတယ်။ ပွဲဖြစ်တာမျိုး၊ စစ်ကြောင်းထိုးလာတာမျိုးဆို ပြန်ရှောင်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

ယနေ့ ထိတွေ့တိုက်ပွဲတွင် လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း ၎င်းက ပြောသည်။

ဘန်လောရွာနှင့် ဘန်လင်ရွာသည် တစ်ဆက်စပ်တည်းရှိသည့် ရွာမျာဖြစ်ပြီး ဘန်လောရွာတွင် ဒေသခံအချို့ နေထိုင်ကြသည်။