ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်းတွင် ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

June 29, 2026

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေးရွာအုပ်စု၊ ထင်းမယ်ကျေးရွာတွင် နေထိုင်သည့် ရဲဝန်ထမ်းဟောင်းတစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက အသက် ၅၀ ဝန်းကျင်အရွယ် ရဲဝန်ထမ်းဟောင်း ဦးကျော်လှိုင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နာရီပိုင်းအကြာတွင် အမျိုးသားတစ်ဦးက ဦးကျော်လှိုင်၏ မိသားစုဝင်ထံ ဖုန်းဆက်၍ အလောင်းလာရောက်ယူရန် ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဘာကြောင့် အသတ်ခံရတယ်ဆိုတာ ကာယကံရှင်နဲ့ သတ်တဲ့သူတွေပဲ အသိဆုံးဖြစ်မယ်ထင်တယ်။ သေသွားတဲ့သူကိုလည်း ဘာဖြစ်တယ် ညာဖြစ်တယ် မပြောလိုတော့ဘူး။ ကြားနေရတဲ့ စကားတွေကလည်း အထင်အမြင်တွေပဲဖြစ်လို့ မသေချာမှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။

သေဆုံးသူ၏ မိသားစုသည် မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းတွင် “ဘိုကလေး” အမည်ဖြင့် ထမင်းဆိုင်ဖွင့်လှစ် ရောင်းချနေသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိပြီဖြစ်ပြီး အဆိုပါ ထမင်းဆိုင်မှာ ရွာနှင့် အနည်းငယ် အလှမ်းဝေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“အရင်ကတော့ သူက ရဲဝန်ထမ်းပေါ့။ ဒီနားတစ်ဝိုက်မှာ ‘ဗိုလ်လေး ကျော်လှိုင်’ ဆိုရင် မသိတဲ့သူမရှိဘူး။ နောက်ပိုင်း ရဲအလုပ်က ထွက်လိုက်တာလား၊ အနားယူလိုက်တာလားတော့ မသိဘူး။ သူက ဘုတ်ပြင်းတစ်ဝိုက်မှာ လူသိတော့များတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဒုတာဝန်ခံကို မေးမြန်းရာ ၎င်းတို့အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုသည်။

“ကျွန်တော်တို့က ထင်းမယ်ရွာနဲ့ကျတော့ နည်းနည်းလေး လှမ်းတယ်။ အဲဒီကိစ္စ သတင်းတက်လာတာတော့ ဖတ်ရတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်တော် သေချာမသိရသေးဘူးဗျ” ဟု ၎င်းက ပြောသည်။

ထင်းမယ်ကျေးရွာနှင့် အနီးဝန်းကျင်တွင် အခြားသော ဒေသခံတော်လှန်ရေးတပ်ဖွဲ့များလည်း အခြေစိုက် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထင်းမယ်ကျေးရွာသည် မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးဘေး၊ ပြည်ကြီးမဏ္ဍိုင်မြို့အနီးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။