မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အဝင်အထွက်လုပ်နေသူများ ထိုင်းဘက်ခြမ်း၌ အာမခံငွေ ထားရသည့်ပုံစံကို ဇွန်လ ဒုတိယအပတ်မှစကာ ပြောင်းလဲကျင့်သုံးလာကြောင်း ကိုယ်တိုင်ကြုံရသူအချို့ထံမှ သိရသည်။
သာမန်အားဖြင့် ကော့သောင်းမှတ်ပုံတင်ရှိသူများကိုသာ ထုတ်ပေးလေ့ရှိသည့် ကော့သောင်းစာအုပ် ခေါ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်ရောက်လာသူများကို ထိုကဲ့သို့ ပြောင်းလဲကျင့်သုံးလာခြင်းဖြစ်သည်။
အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ရနောင်းခရိုင်အတွင်း ၁၄ ရက် နေထိုင်ခွင့်ရှိသည်။ ယခင်က ထိုင်းအာဏာပိုင်များ စစ်ဆေးလေ့ရှိသည့် ရေလယ်တောမောရုံး (ထိုင်းဘက်ခြမ်း) တွင် လူတစ်ဦးလျှင် အာမခံကြေးအဖြစ် ဘတ်ငါးရာပေးရပြီး ကော့သောင်းဘက် ပြန်ထွက်ချိန်တွင် အဆိုပါ အာမခံကြေးကို ပြန်ထုတ်ပေးလေ့ရှိသည်။
လက်ရှိတွင်မူ အာမခံကြေး ဘတ်ငါးရာကို ပေးပြီးပါက တစ်နှစ်သက်တမ်းရှိ သက်သေခံစာရွက်တစ်ခုကို ထိုင်းဘက်ခြမ်းရှိ ရေလယ်တောမောရုံးက ထုတ်ပေးနေသည်။ ဘတ်ငါးရာ စရန်ငွေပေးသွင်းထားကြောင်း အဆိုပါ သက်သေခံကတ်ပြားရှိပါက အာမခံငွေ ထပ်ပေးစရာမလိုတော့ဘဲ မြန်မာနှင့် ထိုင်းနိုင်ငံကို အဝင်အထွက်လုပ်ခွင့်ရနေကြောင်း ကိုယ်တိုင်ကြုံရသည့် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
“ဒီလိုကတ်ပြား လုပ်ပေးလိုက်တော့ အလုပ်မရှုပ်တော့ဘူးပေါ့။ ဒါပေမဲ့ ဘတ်ငါးရာတော့ သူတို့ဆီမှာ အသေထားလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။ သို့ရာတွင် အာမခံငွေ ပြန်ထုတ်လိုပါက ထုတ်ခွင့်ရှိ/မရှိကိုမူ အသေးစိတ် မသိရသေးကြောင်း အထက်ပါ မြန်မာနိုင်ငံသားက ဆိုသည်။
ယင်းကဲ့သို့ တစ်နှစ်အသုံးပြုနိုင်သော အာမခံကြေးထားရှိသည့်စနစ် ပြောင်းလဲလိုက်သည့်အတွက် ထိုင်းရေလယ်တောမောရုံးတွင် စစ်ဆေးသည့်အချိန် နည်းသွားပြီး မြန်ဆန်လာကြောင်း ကော့သောင်း-ရနောင်း ပြေးဆွဲနေသည့် ပဲ့ချိတ်မောင်းသူတစ်ဦးက ပြောသည်။
“ဒီလိုပုံစံ လုပ်ပေးလိုက်တော့ ကွန်ပျူတာနဲ့ထိုးပြီး တုံးထုပြီး ပြီးသွားတာပေါ့။ စပေါ် (အာမခံငွေ) တင်တဲ့ကိစ္စနဲ့ အချိန်မကြန့်ကြာတော့ဘူးပေါ့။ အရင်ကဆိုရင် အချိန်အရမ်းကြာတယ်။ အနည်းဆုံး မကြာဘူးဆိုရင် တစ်နာရီ၊ နှစ်နာရီလောက် ကြာတယ်။ အခုဆို မကြာတော့ဘူးပေါ့”ဟု ၎င်းကဆိုသည်။
သို့ရာတွင် ၇ ရက်နေထိုင်ခွင့်ရှိသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်လာသူများမှာမူ ထိုင်းဘက်ခြမ်း (ရေလယ်တောမောရုံး) တွင် ကော့သောင်းမှတ်ပုံတင်ဖြစ်ပါက အာမခံကြေးအဖြစ် ဘတ်ငါးရာ ပေးရပြီး အခြားမြို့နယ် မှတ်ပုံတင်ကိုင်ဆောင်ပါက ၂၅၀၀ ဘတ် ပေးရကြောင်း အထက်ပါ ပဲ့ချိတ်မောင်းသူက ပြောသည်။ ယင်း ဘတ် ၂၅၀၀ ကိုထိုင်းနိုင်ငံမှ မြန်မာဘက် ပြန်ထွက်ပါက အဆိုပါ အာမခံကြေးကို ပြန်ထုတ်ပေးသည်။
မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ပါချန်မြစ်က ခြားထားပြီး ပဲ့ချိတ်လှေငယ်များဖြင့် ခရီးသည်များကို တင်ဆောင်ပြေးဆွဲနေသည်။ မိနစ် ၃၀ ကျော် မောင်းနှင်ရသည့် အဆိုပါခရီးစဉ်အတွက် ပဲ့ချိတ်ခအဖြစ် တစ်ဦးလျှင် ဘတ် ၁၀၀ ပေးရဟုဆိုသည်။







