ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွာဟေ့လူကျေးရွာကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲ

June 22, 2026

ဘုတ်ပြင်းမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည့် ရွာဟေ့လူရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ရွာဟေ့လူကျေးရွာ ၅၀၅ တောင်ကုန်းကို ပေါင် ၃၀၀ ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ရွာဟေ့လူနယ်စပ်မှာ (စစ်အာဏာရှင်တပ်)စခန်းတစ်ခုကျန်တယ်။ အခုလာကြဲတာက ၅၀၅ တောင်ကုန်းကို လာကြဲသွားတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေကို ကြဲသွားတယ်။ တောထဲ ကျသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယင်းကြောင့် လူထိခိုက်မှုမရှိကြောင်း ကနဦးရရှိထားသော သတင်းများအရ သိရသည်။

စစ်အာဏာရှင်တပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ရွာဟေ့လူစစ်တပ်စခန်းနှင့် အနီးတစ်ဝိုက်ကိုသာ ထိန်းချုပ်နိုင်ပြီး ကျေးရွာနှင့် ကျန်သည့်ဧရိယာများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ရွာဟေ့လူကျေးရွာမှာ ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်နှင့် ကပ်လျက်တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်တွင် စစ်အာဏာရှင်တပ်၏ အခိုင်အမာစခန်း တစ်ခုတည်ရှိသည်။ သို့သော် ရွာဟေ့လူကျေးရွာ ဝန်းကျင်ကိုမူ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ရွာထဲတွင် ဒေသခံများ နေထိုင်လျက်ရှိသည်။