ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် နယ်စပ်ဖြတ်ကျော် ဝင်လာသော မြန်မာ ၂၀ ဦး ဖမ်းဆီးခံရ

July 25, 2026

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၄ ရက်က မဲဆောက်မြို့ ထာ့ဆိုင်းဝိုင်‌ဒေသ တောထဲတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် လူအုပ်စုလိုက် ပုန်းနေကြသည်ကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများ၏ အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

အားလုံးကို လဝကရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

ယခုဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိနေသလို တရားမဝင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ စစ်ဆေးဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိနေသည်။

Ref: Matichon Online, Amarin TV