မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြေးဆွဲနေသည့် ပဲ့ချိတ်စက်လှေနှုန်းထားများ တရားဝင်ပြောင်းလဲလိုက်ပြီး ခရီးသည်တစ်ဦးလျှင် ဘတ် ၃၀ တိုးမြှင့်လိုက်ကြောင်း ပဲ့ချိတ်မောင်းသူအချို့ထံမှ သိရသည်။
စက်သုံးဆီဈေးတက်ပြီး ခရီးသွားနည်းပါးသဖြင့် ထိုကဲ့သို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ရေယာဉ်ငယ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်ထားသည်။
ယခင်က ခရီးသည်တစ်ဦးလျှင် ဘတ် ၁၀၀ ကျသင့်နေရာမှ ဇွန်လ ၂၉ ရက်နေ့မှစကာ ၁၃၀ ဘတ် ကောက်ခံရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ပဲ့ချိတ်လှေ စီးလုံးပြတ်ငှားရမ်းပါက ဘတ် ၅၀၀ ကျသင့်နေရာမှ လက်ရှိတွင် ဘတ် ၇၀၀ သတ်မှတ်လိုက်ကြောင်း ပဲ့ချိတ်လှေမောင်းသူတစ်ဦးက ဆိုသည်။
“အခုက ဆီဈေးတွေလည်း တက်တယ်ပေါ့နော်။ ပြီးတော့ လှေသမားတွေမှာလည်း ပေးရကမ်းရတာတွေ များတယ်။ အရင်နဲ့ မတူဘူးလေ” ဟု ၎င်းက ပြောသည်။
အသက် ၃ နှစ်အထက် ကလေးတစ်ဦးလျှင် ဘတ် ၅၀ သတ်မှတ်ထားသည်။
ကော့သောင်း-ရနောင်း ပြေးဆွဲနေသည့် ပဲ့ချိတ်လှေနံပါတ်များအရ အစီးရေ ၃၀၀ နီးပါးရှိပြီး လက်ရှိပြေးဆွဲနေသည့် ပဲ့ချိတ်လှေမှာ အစီးရေ ၂၀၀ ခန့်ရှိနိုင်ကြောင်း အထက်ပါ ပဲ့ချိတ်မောင်းသူက ဆိုသည်။
“လူသွားလူလာကလည်း တအားနည်းပါးသွားတယ်။ မသွားရဘဲနဲ့ ဈေးဦးတောင်မပေါက်တဲ့ လှေတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပဲ့ချိတ်လှေများ ခရီးသည်ညီတူညီမျှ ပြေးဆွဲခွင့်ရရန် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေကိုလည်း လျှော့ချသတ်မှတ်လိုက်ကြောင်း အဆိုပါ ပဲ့ချိတ်မောင်းသူက ဆိုသည်။
ရေယာဉ်ငယ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကမူ မိုးရာသီ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေကြောင့် ဇွန်လ ၂၉ ရက်မှစကာ လှေတစ်စီးလျှင် ခရီးသည်ခုနစ်ဦးသာ တင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကော့သောင်းနှင့် ရနောင်းမြို့ကို ပါချန်မြစ်ခြားထားပြီး ပဲ့ချိတ်လှေများဖြင့် မိနစ် ၃၀ ခန့် သွားလာရသည်။







