ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်၏ ပလကဖတပ်ဖွဲ့ဝင် ကော့သောင်းမြို့ခံတစ်ဦး တော်လှန်ရေးတပ်ထံ ဘက်ပြောင်း

July 13, 2026

စစ်အာဏာရှင်တပ်၏ လက်အောက်ခံ ပလကဖ တပ်ဖွဲ့ဝင် ကော့သောင်းမြို့ခံတစ်ဦး ကင်းစောင့်နေစဉ် ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အသက် ၂၅ နှစ်အရွယ် အဆိုပါကော့သောင်းမြို့ခံကို ပိတောက်ရွှေဝါရပ်ကွက် (ရွှေမင်းဝံ) အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဧည့်စာရင်းလာစစ်စဥ် မှတ်ပုံတင်မရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၀) တွင် စစ်သင်တန်း တစ်လတက်ပြီးနောက် စစ်အာဏာရှင်တပ်၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း‌‌ရေးအဖွဲ့ (ပလကဖ) တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တစ်နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင်လ ၅ ရက်တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် (ရန်ကြီးအောင်) ၌ ကင်းစောင့်တာဝန်ကျနေစဥ် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး လေးကြိမ်မြောက်တွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပလကဖ တပ်ဖွဲ့ဝင်သည် ဇနီးသည်နှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ပြီး လက်နက် ယူဆောင်လာနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ပြည်သူများအပေါ် ကျူးလွန်မှုများ၊ ပြည်သူ့စစ်များကို စိတ်ကြွမူးယစ်ဆေးများ သုံးစွဲစေပြီး ရှေ့တန်း ပို့ဆောင်ခြင်းတို့ကို မနှစ်သက်သဖြင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။