ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းက စစ်အာဏာရှင်တပ်သားခြောက်ဦး KNU ထံဘက်ပြောင်း

July 1, 2026

ပုံစာ - ယခုနှစ် ဇွန်လအတွင်း KNU ထံ ဘက်ပြောင်းလာသည့် စစ်အာဏာရှင်တပ်သားအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – KNU

တနင်္သာရီတိုင်းအခြေစိုက် စစ်အာဏာရှင်တပ်ရင်းနှစ်ခုက စစ်အာဏာရှင်တပ်သား ခြောက်ဦးသည် ဇွန်လအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ဘက်ပြောင်းလာကြောင်း KNU ထံမှ သိရသည်။

KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) တို့ထံ ဇွန်လပထမနှင့် ဒုတိယအပတ်အတွင်း ဘက်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၁ ရက်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ခံထားရသည့် မြိတ်အခြေစိုက် ခလရ ၁၀၁ စစ်အာဏာရှင်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခဲ့ကြောင်း အဆိုပါတပ်မဟာက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၉ ရက်တွင်လည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေသော ကော့သောင်း အခြေစိုက် ခလရ-၅၉၅ စစ်အာဏာရှင်တပ်ရင်းက တပ်သားငါးဦးသည် KNDO တပ်ရင်း (၃) ထံသို့ ဘက်ပြောင်း လာကြောင်း KNU က သတင်းထုတ်ပြန်ထားသည် ။

၎င်းတို့ ငါးဦးသည် အသက် ၁၈ နှစ်မှ ၃၀ ကြားဖြစ်ကြပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံထားရသူများဖြစ်ကြောင်း ဖော်ပြသည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းစုဆောင်းခံရပြီး သင်တန်းဆင်းပြီးသူများကို စစ်ရေးပြင်းထန်သည့် ရခိုင်၊ ဧရာဝတီ၊ မွန်၊ ကရင် စသည့် ဒေသများရှိ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်လျက်ရှိကြောင်း စုဆောင်းခံရသူများ၏ ကာယကံရှင် မိသားစုဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်တွင် မိမိတို့၏ဆန္ဒမပါဘဲ စုဆောင်းခံရပြီး အတင်းအဓမ္မစေခိုင်းခံရသည့် တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ခိုလှုံလာကြရန် KNU က တိုက်တွန်းထားသည်။