ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုရားသုံးဆူမြို့ပေါ်တွင် DKBA လုံခြုံရေးတိုးမြှင့်

July 1, 2026

ပုံစာ - ဘုရားသုံးမြို့တွင် DKBA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ပုံဟောင်း) ။ ဓာတ်ပုံ - ဒေသခံတစ်ဦး ။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က လုံခြုံရေးတိုးမြှင့်ထားကြောင်း မြို့ခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြို့ပေါ် အဓိကလမ်းဆုံများနှင့် လူသွားလူလာများသည့် နေရာများတွင် လုံခြုံရေးတိုးမြှင့်ထားပြီး မြို့အတွင်း လှည့်ကင်းများကိုလည်း ယခင်ကထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် မြို့တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလုံခြုံရေးအတွက်ဆိုကာ လိုက်နာရမည့် စည်းကမ်းချက်လေးရပ်ကို ထုတ်ပြန်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း DKBA က တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်တွင် မြို့လုံခြုံရေးအတွက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မြို့ပေါ် ဖြတ်သန်းသွားလာရာတွင် ကြိုတင်ချိတ်ဆက်ပြီးမှ သွားလာရန်နှင့် တရားမဝင် လက်နက်ကိုင်ဆောင်လာခြင်းကို လုံးဝ မပြုလုပ်ရန် ပါဝင်သည်။

“မြို့ပေါ် နေရာတိုင်းမှာ DKBA စစ်သားတွေ ချထားတယ်။ အရင်က အဲဒီလိုမျိုး မရှိဘူး။ ဂိတ်တွေမှာပဲ သူတို့ ရှိတယ်။ အခုက ကားတွေနဲ့လည်း မြို့လှည့်ပြီး လုံခြုံရေးဆောင်ရွက်နေတာလည်း ရှိတယ်။ ဘာကြောင့်လဲတော့ မပြောတက်ဘူး။ ဒါပေမဲ့ အခုတလော ဘုရားသုံးဆူမြို့ကို စစ်တပ်တွေ ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေတာရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

DKBA က မြို့ပေါ် လုံခြုံရေးတိုးမြှင့်ရသည့် အကြောင်းအရင်း အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်က ဘုရားသုံးဆူမြို့ကို ပြန်တောင်းနေသည့်သတင်း ထွက်ပေါ်နေသည့် ကာလနှင့် အချိန်ကိုက် ဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

ဘုရားသုံးဆူမြို့ကို ပြန်ပေးရန် စစ်အာဏာရှင်တပ်က DKBA ထံ တောင်းဆိုသည့် သတင်းထွက်ပေါ်လာပြီးနောက် ဘုရားသုံးဆူမြို့သို့ ဦးတည်နေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ ရေးဘက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာနေကြောင်း စုံစမ်းသိရသည်။

DKBA အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းကမူ ဘုရားသုံးဆူမြို့ကို စစ်အာဏာရှင်တပ်က ပြန်တောင်းဆိုသည့် ကိစ္စနှင့် စစ်ကြောင်းထိုးသည့်ကိစ္စသည် ကောလာဟလသာ ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတို့ကို ဖြေဆိုထားသည်။

ဘုရားသုံးဆူမြို့တွင် KNU၊ DKBA အပြင် စစ်အာဏာရှင်တပ်၊ မွန်ပြည်သစ်ပါတီ၊ ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC)တပ်ဖွဲ့ အစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။ သို့သော် မြို့ကို DKBA နှင့် KNU တို့က အဓိက ထိန်းချုပ်ထားသည်။