ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်စစ်ကြောင်း ကင်းရှေ့ရွာသားတစ်ဦးကို ပစ်သတ်

August 17, 2026

သရက်ချောင်းမြို့နယ်အထက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားသည့် ဒေသခံအချို့အနက်ကင်းရှေ့ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် အင်အားရာချီသုံးကာ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကားစသည့် ကျေးရွာများကို ဩဂုတ်လ ၁၀ ရက်တွင် ဖြန့်ကျက်စစ်ကြောင်းထိုးလာသည်။

ကင်းရှေ့ရွာသို့ ရောက်ရှိချိန် ရွာထဲက ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို ပြန်လွှတ်ခဲ့သော်လည်း ခုနစ်ဦးခန့်ကိုမူ စော်ဖျားရွာသို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် အသက် ၅၃ နှစ်ခန့်ရှိ ဦးစိုးထွန်း ကို ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို စော်ဖျားရွာ ဘုန်းကြီးကျောင်းဝန်း အတွင်း မြေမြှုပ်ထားသည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် စစ်ကြောင်းရှိနေသဖြင့် သွားရောက်တူးဖော်၍ မရဘဲဖြစ်နေသေးကြောင်း ဒေသခံများက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။

“ပစ်သတ်လိုက်ပြီတဲ့ မြင်တဲ့သူတွေပြောတယ်။ ပြန်လွတ်လာသူတွေကလည်း ပစ်သတ်လိုက်ပြီလို့ ပြောတယ်” ဟု ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဦးစိုးထွန်း နှင့်အတူ ဖမ်းဆီးခံရသည့် ကင်းရှေ့ရွာသား ခြောက်ဦးခန့်နှင့် အခြားရွာက ဒေသခံအချို့ ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် စစ်ကြောင်းနှင့် တွေ့သဖြင့် ဖမ်းဆီးခံရသူများ ထပ်မံရှိနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“လူတွေကတော့ ရှေ့တစ်သုတ်ဖမ်း ပြန်လွတ်၊ နောက်တစ်သုတ်ထပ်ဖမ်း အဲဒီလိုဖြစ်နေတယ်။ စစ်ကြောင်းက ပြန့်ကျဲ နေတော့ သွားရင်းလာရင်း တိုးမိတဲ့အခါ ဖမ်းခံထိကြတာ” ဟု သူရဲတောင်ရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် စော်ဖျားရွာဘုရားကုန်းတွင် ပြန်လည်တပ်စွဲရန်ပြင်ဆင်နေပြီး ဘိလပ်မြေနှင့် သဲ၊ ကျောက်များကို ကားဖြင့် တင်ဆောင်လာကာ ပုံထားသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။