ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နီပေါ-တိဗက်နယ်စပ် ရေကြီးမြေပြိုမှု လူ ကိုးရာကျော်ကို ကယ်တင်နိုင်

August 28, 2026

နီပေါ-တိဗက်နယ်စပ်တွင် ဖြစ်ခဲ့သော ရုတ်တရက် ရေကြီး မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေရာများထဲက လူ ကိုးရာကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က ယနေ့နံနက်တွင် ထုတ်ပြန်သည်။

အထူးသဖြင့် ရေကြီးမြေပြိုမှုကြောင့် ရွာလုံးကျွတ် မျောပါ ပျက်စီးခဲ့သော ရာစူဝပ်နှင့် နူဝါကွတ်ဒေသများထဲက လူ ကိုးရာကျော်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကယ်ဆယ်နိုင်ခဲ့သူများတွင် နိုင်ငံခြားသား ၁၁၉ ဦး ပါဝင်ပြီး ယင်းအနက် အိန္ဒိယနိုင်ငံသား ၉၂ ဦး ပါဝင်ကြောင်း ဖော်ပြသည်။

ကယ်တင်နိုင်ခဲ့သော လူ ကိုးရာကျော်စလုံးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်သည်။

လက်ရှိအချိန်အထိ ရေကြီးမြေပြိုမှုကြောင့် နီပေါဘက်တွင် သေဆုံးသူ ၄၇၅ ဦးအထိ ရှိလာပြီဖြစ်ပြီး တိဗက်ဘက်တွင် သုံးဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

နှစ်နိုင်ငံတွင် စုစုပေါင်း ပျောက်ဆုံးနေသူ ၁၃၀၀ ကျော်လာပြီး အမေရိကန်အပါအဝင် နိုင်ငံခြားသား ၇၀၀ ကျော် ပါဝင်ကြောင်း သည်။

လက်ရှိတွင် မိုးနှင့် ရာသီဥတုအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ နှောင်းနှေးနေဆဲဖြစ်ကြောင်း နီပေါစစ်တပ်ဘက်က ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်က ရုတ်တရက် ရေကြီး မြေပြိုမှုကြောင့် နယ်စပ်အနီး တောင်ပေါ်တွင် ရေကန်ကြီးအသစ်တစ်ခု ထပ်ပေါ်လာခဲ့ပြီး ယင်းရေကန်ထဲတွင် ရေ နှစ်သန်းကုဗမီတာခန့် ရှိနေကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

ယင်းရေကန်သည် အချိန်မရွေး ပေါက်ထွက်ပြီး ရေကြီးမှု ထပ်မံဖြစ်ပွားလာနိုင်သဖြင့် ယနေ့နံနက်ပိုင်းတွင် တိဗက်ဘက် ကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်နားထားကြောင်း ဖော်ပြသည်။

Ref: BBC, CNN