ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ပြည်နှင်ဒဏ်ပေးမည့် နည်းဥပဒေကြမ်း ယနေ့ စတင်အသက်ဝင်

August 28, 2026

ပုံစာ - ဇူလိုင်လ ၇ ရက်က ရနောင်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသားများကို ပို့ဆောင်စဉ်။

ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့မည့် နည်းဥပဒေကြမ်း ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယင်းနည်းဥပဒေကြမ်းကို ဇူလိုင်လအတွင်း အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီးနောက် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက လက်မှတ်ထိုးပြီး ဩဂုတ်လ ၂၇ ရက်တွင် နိုင်ငံတော်ပြန်တမ်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်နှင်ဒဏ်ပေးမည့် ပြစ်မှုခြောက်မျိုးတွင် တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ တရားမဝင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု၊ သုံးနှစ်နှင့်အထက် ထောင်ချနိုင်သော ပြစ်မှုနှင့် အဆိုပါပြစ်မှုများကို အားပေးအားမြှောက်လုပ်ဆောင်မှု၊ ကူညီမှုများ ပါဝင်သည်။

အဆိုပါပြစ်မှုများကို ပြစ်မှုကျူးလွန်သူ၏ အမည်၊ နိုင်ငံ၊ ပြစ်မှုအမျိုးအစားနှင့် အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးထံ တင်ပြရမည်ဖြစ်ပြီး အမြန်ဆုံး ပို့ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်နှင်ဒဏ်ခံရပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ကန့်သတ်ကာလကိုပါ ထည့်သွင်းဖော်ပြနိုင်မည်ဟု ထုတ်ပြန်သည်။

ဝန်ကြီးဌာနက ပြစ်မှုကျူးလွန်သူများကို နေရပ်ပြန်ပို့ရန် ရက် ၃၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက အနည်းဆုံး တစ်ကြိမ် သက်တမ်းတိုး၍ နောက်ထပ် ရက် ၃၀ အတွင်း ပို့ဆောင်နိုင်ကြောင်း ဖော်ပြသည်။

အကယ်၍ နေရပ်ပြန်ပို့စဉ် ညှင်းပန်းနှိပ်စက်ခြင်းကဲ့သို့ အန္တရာယ်ကြုံတွေ့ရနိုင်၍ တတိယနိုင်ငံ သို့မဟုတ် နိုင်ငံတကာ အဖွဲအစည်းတစ်ခုကို ပို့ဆောင်ပေးရန် အမိန့်ထုတ်ခံရပြီး ၇ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဥပဒေကြမ်း အသက်ဝင်ပြီဖြစ်သဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ထဲ ဖမ်းဆီးစစ်ဆေးမှုများ ရှိနေချိန် သတိထား လုပ်ကိုင်ကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Ref: Nation TV, MGR Online