ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံထားရသည့် နာမည်ကြီး တော်ဝင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် အမျိုးသမီးထံမှ ဘတ် ၂၁၅ သန်းကျော် တန်ဖိုးရှိ ရွှေနှင့် ငွေသားများကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်း၏ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဖရာဝဇီရာယန် (Phra Vajirayan) ကို ကျောင်းပိုင်ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်မှုဖြင့် စက်တင်ဘာလ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဆရာတော်နှင့်အတူ မေထုန်မှီဝဲကာ ငွေကြေးအလွဲသုံးစားမှုတွင် ပါဝင်ပတ်သက်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဖြစ်သူ ပွန်ယာဝီ (Punyavee) ကိုလည်း နေအိမ်တွင် ဝရမ်းအရ ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ရဲတပ်ဖွဲ့က တရားရုံး ရှာဖွေဝရမ်းအရ ဆရာတော်၏ အဆောင်နှင့် အမျိုးသမီး၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ရာ ဆရာတော်၏ အဆောင်အတွင်းမှ ငွေသား ဘတ် ၁၃၈ သန်းကျော်နှင့် ဘတ် သန်း ၇၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် အမျိုးသမီး၏ နေအိမ်မှလည်း ငွေသား ဘတ် ၄ သန်းနီးပါးနှင့် ဘတ် ၆ သန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဘတ် ၂၁၅ သန်းကျော် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆရာတော်နှင့် သက်ဆိုင်သည့် ဘဏ်စာရင်းများအတွင်း ဘတ်သန်း ၂၉၀ ကျော် ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည့်အပြင် မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းများ၊ ဘဏ်စာအုပ်များ၊ မိုဘိုင်းဖုန်းများနှင့် အခြား တန်ဖိုးကြီးပစ္စည်းများကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
ဆရာတော်သည် ကျောင်းတိုက်သို့ လှူဒါန်းလာသည့် အလှူငွေများကို ကျောင်းပိုင် ဘဏ်စာရင်းထဲသို့ မထည့်ဘဲ အလွဲသုံးစားပြုလုပ်နေပြီး ငွေကြေးအချို့ကိုလည်း အခြားသူအမည်ခံကာ အဆိုပါ အမျိုးသမီးထံ လွှဲပြောင်းပေးနေကြောင်း တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးသည် ပုံမှန်ဝင်ငွေ မရှိသော်လည်း နှစ်နှစ်အတွင်း နေအိမ်နှစ်လုံး၊ ကိုယ်ပိုင်မော်တော်ယာဉ်များနှင့် ဘတ် ၅ သန်းကျော်ရှိသော ဘဏ်စာရင်းများကို ပိုင်ဆိုင်လာခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ရသည်။
လက်ရှိတွင် ကျောင်းထိုင်ဆရာတော်ကို ကျောင်းပိုင်ပစ္စည်းများ အလွဲသုံးစားပြုလုပ်မှု၊ တာဝန်ပေါ့လျော့ပျက်ကွက်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် အမှုဖွင့်ထားပြီး၊ အမျိုးသမီးကိုလည်း ငွေကြေးခဝါချမှုနှင့် ငွေကြေးအလွဲသုံးစားမှုတွင် ကူညီပံ့ပိုးမှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ငွေကြေးခဝါချမှု ပုဒ်မများသည် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်များဖြစ်ကြောင်း သိရသည်။
Ref: The Nation Thailand, Thai Enquirer, Bangkok Post







