ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အယုဒ္ဓယတွင် ဘတ် ၉၂ သန်းကျော်အလွဲသုံးစားလုပ်၍ ကျောင်းထိုင်ဆရာတော် ဖမ်းဆီးခံရ

September 10, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းမှ တော်ဝင်အဆင့် ဘွဲ့တံဆိပ်ရ ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကျောင်းပိုင်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် မေထုန်မှီဝဲခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူမှာ အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်းမှ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဖရာဝဇီရာယန် (Phra Vajirayan) ဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ထံမှ နိုင်ငံတော်အဆင့် တော်ဝင်ဘွဲ့တံဆိပ်တော် (Phra Ratchakhana) ကပ်လှူခံထားရသည့် ဆရာတော်တစ်ပါး ဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဆရာတော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်အတွင်း ဆရာတော်နှင့်အတူ မေထုန်မှီဝဲခဲ့သည်ဆိုသော အမျိုးသမီးကိုလည်း ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦး လိင်ဆက်ဆံနေသည့် ဖြစ်စဉ်ကို လုံခြုံရေးကင်မရာ (CCTV)တွင် မှတ်တမ်းတင်ထားမိပြီး ယင်းမှတ်တမ်းများကိုလည်း ရဲတပ်ဖွဲ့ကရရှိခဲ့သည်။

ဆရာတော်သည် ကျောင်းပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ကာ အဆိုပါအမျိုးသမီးထံသို့ အခြားသူအမည်ခံ၍ လွှဲပြောင်းပေးခဲ့သည်ဟူသော တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စုံစမ်းတွေ့ရှိချက်များအရ အဆိုပါဆရာတော်သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ကျောင်းကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျောင်းအမည်ကို အသုံးပြုကာ အလှူငွေစာရင်းပေါင်း ၂၀ ကျော်ကို ထုတ်ယူခဲ့သဖြင့် ကျောင်းပိုင်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် ဆုံးရှုံးခဲ့ရသည်။

ယင်းသို့ ငွေကြေးများကို အခြားသူအမည်ခံကာ ယင်းအမျိုးသမီးထံ လွှဲပြောင်းထားသည့် အထောက်အထားများ တွေ့ရှိရသဖြင့် စက်တင်ဘာလ ၈ ရက်တွင် ဗဟိုတရားရုံးမှ ဖမ်းဝရမ်းရယူကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျောင်းထိုင်ဆရာတော်ကို ကျောင်းပိုင်ပစ္စည်းများ အလွဲသုံးစားပြုလုပ်မှု၊ တာဝန်ပေါ့လျော့ပျက်ကွက်မှုနှင့် ငွေကြေးခဝါချမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Bangkok Post, The Nation Thailand