ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ပျံကျဈေးများတွင် လှည့်လည်ဈေးရောင်းနေသည်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖော်ပြချက်နှင့် ချင်းမိုင် လဝက၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ ၉ ရက်က ချန်ဖူ့အက်ဒေသရှိ ပျံကျဈေးထဲတွင် နိုင်ငံခြားသားများ ဈေးရောင်းနေကြောင်း တိုင်ကြားချက်က ရရှိသဖြင့် လဝကနှင့် အလုပ်သမားဌာနက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။
ဈေးထဲတွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး ဈေးရောင်းနေသည်ကို တွေ့ရသဖြင့် စစ်ဆေးရာ ပန်းရောင်ကတ် ကိုင်ဆောင်ထားပြီး အလုပ်လုပ်ခွင့် လက်မှတ် မရှိသူဖြစ်ကြောင်း ဖော်ပြသည်။


မြန်မာအမျိုးသမီးသည် မြို့အတွင်းရှိ ပျံကျဈေးများတွင် လှည့်လည်ရောင်းချနေသူဖြစ်ပြီး တစ်ရက်လျှင် ဘတ် ခုနစ်ထောင် ခန့်အထိ ရောင်းချရသည်ဟု ထွက်ဆိုချက်ထားကြောင်း ဖော်ပြသည်။
အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ထားပြီး ချန်ဖူ့အက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ထိုင်းအစိုးရက နိုင်ငံအတွင်း ပြစ်မှု ကျူးလွန်သူများကို ချက်ချင်း နေရပ်ပြန်ပို့နိုင်မည့် ဥပဒေကို ကျင့်သုံးနေပြီဖြစ်သဖြင့် မြန်မာအလုပ်သမားများ တရားဝင် စာရွက်စာတမ်းများဖြင့် အလုပ်လုပ်ကိုင်ကြရန်၊ တားမြစ်ထားသော အလုပ်များတွင် ဝင်ရောက်မလုပ်ကိုင်ကြရန် မြန်မာအလုပ်သမားကူညီနေသူများက တိုက်တွန်းထားသည်။
Ref: Chiangmai News, ချင်းမိုင်လဝက







