ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများအမည်ခံထားသော နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၃၁ ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့က ချင်းမိုင်မြို့ နေရာ ၁၈ နေရာရှိ ကုမ္ပဏီပေါင်း ၃၁ ခုကို ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀ ခန့်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီ ၁၆ ခုက ထိုင်းနိုင်ငံသားအမည်ခံကုမ္ပဏီများ ဖြစ်နေပြီး အခြား ၁၅ ခုက နိုင်ငံခြားသားများ ရှယ်ယာပိုင်ဆိုင်မှုကန့်သတ်ချက်ကို ချိုးဖောက်ထားကြောင်း သိရသည်။
ယင်းကုမ္ပဏီများက ထိုင်းနိုင်ငံထဲ မြေယာ ၂၀ ရိုင် (၈ ဧကခန့်) ပိုင်ဆိုင်ထားပြီး ကာလတန်ဖိုး ဘတ် ၆၃၃ သန်း တန်ဖိုးရှိကြောင်း ဖော်ပြသည်။
အမှုနှင့် ပတ်သက်၍ သံသယရှိသူ ၇၄ ဦးအထိ ရှိပြီး ၎င်းတို့အနက် ၂၂ ဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဝရမ်းထုတ်ခံရသူများတွင် မြန်မာနိုင်ငံသား ၇ ဦး၊ ထိုင်း ၂ ဦး၊ အိန္ဒိယ ၃ ဦး၊ ဗြိတိန် ၁ ဦးနှင့် တရုတ် ၉ ဦး ပါဝင်သည်။
ဝရမ်းထုတ်ခံရသူများအနက် မြန်မာ ၃ ဦးနှင့် အိန္ဒိယ ၂ ဦး ဖမ်းဆီးရမိပြီဖြစ်ပြီး ကျန်ရှိသူများကို ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။






သံသယရှိသူများတွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ်က ချင်းမိုင်ထောင်ထဲ ထောင်ကျနေသည့် ထိုင်းနိုင်ငံသားတစ်ဦးလည်း ပါဝင်နေသည်။ ၎င်းသည် ၁၆ နှစ်ခန့် ထောင်ချခံရထားသူဖြစ်ပြီး လာမည့် ၂၀၃၇ ခုနှစ်တွင် ထောင်မှ ပြန်လွတ်မည်ဖြစ်သည်။
သံသယရှိသူသည် ထောင်ကျနေစဉ် ကုမ္ပဏီ ၇ ခု၏ ရှယ်ယာများ ပိုင်ဆိုင်ထားသလို ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာ တစ်ဦးအဖြစ်လည်း မှတ်ပုံတင်ထားသေးသည်။
ထောင်ကျနေစဉ် အတူနေထိုင်ခဲ့သူတစ်ဦးက ရင်းနှီးမြှုပ်နှံမှုလုပ်ရန် ကမ်းလှမ်းခဲ့ပြီး နိုင်ငံသားကတ်ပြားနှင့် အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို တောင်းဆိုခဲ့ဖူးကြောင်း ၎င်းက ရဲတပ်ဖွဲ့ကို ပြောသည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ယခုအချိန်ထိ ငွေကြေး လုံးဝ မရဖူးကြောင်း၊ ကုမ္ပဏီ ရှယ်ယာပိုင်ဆိုင်မှုနှင့် ဒါရိုက်တာဖြစ်နေမှုကိုလည်း မသိကြောင်း ၎င်းက ငြင်းဆိုထားသည်။
ထို့ကြောင့် သူကိုယ်တိုင်မသိဘဲ ၎င်း၏ စာရွက်စာတမ်းများကို ကုမ္ပဏီမှတ်ပုံတင်ရာတွင် အသုံးပြုထားခြင်း ဖြစ်နိုင်ကြောင်း ထွက်ဆိုသည်။
လက်ရှိတွင် ကုမ္ပဏီများ၏ ဒါရိုက်တာများ၊ ရှယ်ယာပိုင်ဆိုင်ထားသူများကို ဥပဒေအရ အရေးယူထားပြီးဖြစ်သလို ကျန်ရှိနေသော သူများကိုလည်း ရှာဖွေဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
နောက်ထပ် ဖူးခက်၊ ကရာဘီ၊ ဖန်င၊ ချွန်ဘူရီ၊ စူရတ်ဌာနီခရိုင်များတွင်လည်း ထိုင်းအမည်ခံပြီး နိုင်ငံခြားသားများ ကုမ္ပဏီပိုင်ဆိုင်မှုများ ဆက်တိုက်ရှိနေသဖြင့် ဆက်လက်စီးနင်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, The Nation Thailand




