ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှုနှင့် ပတ်သက်၍ ပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရန် ဖြေရှင်းပေးနေကြောင်း ပညာရေးဝန်ကြီး Prasert Chantrawong က ပြောသည်။
စက်တင်ဘာ ၁ ရက်က တာ့ခ်ခရိုင် အခြေခံပညာရေးဌာနတွင် ဒုက္ခသည်စခန်းက ကလေးငယ်များကို စခန်းပြင်ပရှိ အစိုးရကျောင်းများက လက်မခံဘဲ ကျောင်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထိုင်းအစိုးရကျောင်းများ၌ ကျောင်းတက်နေသော ဒုက္ခသည်စခန်းက မြန်မာကလေးငယ် ၄၆ ဦး ရှိနေရာမှ ဩဂုတ်လတွင် မြန်မာကလေးငယ် ၁၃ ဦးမှာ ကျောင်းတက်ခွင့် ရပ်နားခံလိုက်ရသည်။
နောက်ထပ် ကျန်ရှိသော ကလေးငယ် ၃၃ ဦး၏ အထောက်အထားများလည်း စစ်ဆေးခံနေရသဖြင့် မြန်မာဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့် ရရှိရေး ကရင်အဖွဲ့အစည်းများအပါအဝင် ကျောင်းသားမိဘများက ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားစာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဥပဒေအရ ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များသည် စခန်းအတွင်းတွင်သာ ပညာသင်ယူခွင့်ပြုထားကြောင်း၊ ယခင်က အခြေအနေအရ အချို့ကလေးငယ်များကို စခန်းပြင်ပရှိ ထိုင်းအစိုးရကျောင်းများတွင် ပညာသင်ယူရန် ခွင့်ပြုထားခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
ထို့ကြောင့် ကျောင်းထုတ်ခံရသော ဒုက္ခသည်စခန်းက ကလေးငယ်များကို စခန်းအတွင်းတွင် ပညာသင်ယူခွင့် ရရှိရေး ပညာရေးဝန်ကြီးဌာနက ကနဦး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ကလေးငယ်တိုင်း ပညာသင်ယူခွင့် ရရှိရေးအတွက် လက်ရှိစည်းမျဉ်းများက ပညာသင်ယူခွင့်ကို အဟန့်အတားဖြစ်နေသဖြင့် ချူလာလောင်ကွန်းနှင့် သမာဆတ်တက္ကသိုလ် (Thammasat) က ပါမောက္ခများ၊ Save The Children က တာဝန်ရှိသူများနှင့်အတူ ပညာရေးဝန်ကြီးဌာနက စည်းမျဉ်းများကို ပြောင်းလဲနိုင်ရေး ပူးပေါင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာဒုက္ခသည်ကလေးငယ်များ စခန်းပြင်ပ ထိုင်းအစိုးရကျောင်းများတွင် ကျောင်းတက်စဉ် ကလေးများ၏ မှတ်ပုံတင်၊ အထောက်အထားများနှင့် ပတ်သက်၍ အခက်အခဲများ ရှိလာခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
ဒုက္ခသည်စခန်းထဲက ကလေးငယ်များတွင် နိုင်ငံသားမှတ်ပုံတင်ကတ်၊ အိမ်ထောင်စုစာရင်းနှင့် တရားဝင်အထောက်အထားများ မရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ထိုင်းအစိုးရအနေဖြင့် ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ပိတ်ပင်ထားခြင်းမရှိဘဲ ဥပဒေနှင့် လူ့အခွင့်အရေးမူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောသည်။
Ref: Workpoint 23, Khaosod, Naewna







