ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ စန်ခရာဘူရီဒေသတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးမှုနှင့် ပက်သက်၍ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၃၀ ရက်က အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အပြင်တွင် မုန့်သွားဝယ်မည်ဟုဆိုကာ နေအိမ်မှ ပျောက်ဆုံးသွားကြောင်း ဖော်ပြသည်။
မိခင်ဖြစ်သူက ကလေးပျောက်ဆုံးမှုနှင့် ပတ်သက်၍ စန်ခရာဘူရီရဲစခန်းတွင် တိုင်ချက်ဖွင့်ထားခဲ့ပြီး မိသားစုဝင်များနှင့် ဒေသခံများက ကလေးငယ်ကို သုံးရက်ကြာ ဝိုင်းဝန်းရှာဖွေနေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။
ယနေ့ ဇွန်လ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် ရော်ဘာခြစ်ရန်လာသော အလုပ်သမားတစ်ဦးသည် ကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာမှ ပျောက်ဆုံးနေသော ကလေးငယ်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်း၏ လည်ပင်းနှင့် မျက်နှာများတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ရပြီး သေဆုံးရသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကလေးငယ် သေဆုံးမှုနှင့် ပက်သက်၍ အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားကို စစ်ဆေးရာ မူးယစ်ဆေးသုံးထားသည်ကို တွေ့ရပြီး စန်ခရာဘူရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမေးမြန်းနေကြောင်း ဖော်ပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့က သက်သေများကို စုဆောင်းကာ ဥပဒေအရ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။




