ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၃ ရက် နံနက် ၈ နာရီခန့်က စူရတ်ဌာနီခရိုင် ကန်ချနာဒစ်ဒေသ စူရတ်ဌာနီ-နခွန်စီထမရတ်လမ်းဘေး မြက်တောထဲတွင် သေဆုံးနေသော အသက် ၂၇ နှစ်အရွယ် မအိအိဖြူ၏ အလောင်းကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်းကို စစ်ဆေးရာ ဦးခေါင်းကို ထုရိုက်ထားသော ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး အလောင်းအနီးတွင် သွေးစွန်းနေသော အမျိုးသားအင်္ကျီနှင့် သူမ၏ ဆိုင်ကယ်တို့ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
CCTV မှတ်တမ်းများမှတစ်ဆင့် အသက် ၂၇ နှစ်အရွယ် ကိုအောင်စိုးလင်းအမည်ရှိ မြန်မာနိုင်ငံသားကို နေထိုင်ရာအခန်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။
မအိအိဖြူနှင့် အတူတွေ့ဆုံခဲ့ပြီးနောက် စကားများရန်ဖြစ်ကြရာမှ လူသတ်မှုအထိ ကျူးလွန်ခဲ့သည်ဟု ကိုအောင်စိုးလင်းက ဝန်ခံခဲ့ကြောင်း သိရသည်။


အခင်းဖြစ်သောညက ၎င်းတို့နှစ်ဦးသည် အိမ်မှထွက်ခွာလာပြီး အခင်းဖြစ်သောနေရာအရောက်တွင် စကားများရန်ဖြစ်ခဲ့ရာမှ ကျောက်ခဲဖြင့် သူမဦးခေါင်းကို ထုရိုက်ခဲ့ကြောင်း ကိုအောင်စိုးလင်းက ဝန်ခံထားသည်။
သူမလဲကျသွားပြီးနောက် ထွက်ပြေးခဲ့သော်လည်း အခင်းဖြစ်သောနေရာသို့ နောက်တစ်ကြိမ် ထပ်သွားပြီး ဆိုင်ကယ်ကို မြောင်းထဲ တွန်းချကာ သူမကို ကျောက်ခဲဖြင့် ထပ်မံထုရိုက်ခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။
ယင်းဒဏ်ရာများဖြင့် မအိအိဖြူက အခင်းဖြစ်သောနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသော်လည်း ၎င်းတို့နှစ်ဦး ရန်ဖြစ်ရသော အကြောင်းရင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။
မိန်းကလေးကို အဓမ္မပြုကျင့်ရန် လိမ်လည်ခေါ်ဆောင်သွားပြီး မအောင်မြင်ခဲ့သဖြင့် သတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
လက်ရှိတွင် ကိုအောင်စိုးလင်းကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ကန်ချနာဒစ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Workpoint 23, Ch 8







