ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

PDF ဖမ်းထားသည့် ထားဝယ်မြို့နယ် အကောက်ခွန်အရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

August 18, 2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ တွင် ဖမ်းဆီးစစ်ဆေးနေသည့် ထားဝယ်မြို့နယ် ၊ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးကြောင်း နည်းဗျူဟာ ၃၃ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

သြဂုတ်လ ၁၇ ရက်တွင် ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ကာ သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ပြောသည်။

ဦးဖြိုးစံ ကို ဖမ်းဆီးစစ်ဆေးနေသည့် နေရာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာသို့ ရောက်နေစဥ် နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၃ တပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရန် နည်းဗျူဟာ ၃၃ ထံ လွှဲပြောင်းခဲ့သည် ။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် စစ်အာဏာရှင်တပ်က မောင်းမကန်ရွာ အပါအဝင် လောင်းလုံးမြို့နယ် ကမ်းခြေရွာများကို စစ်ကြောင်းထိုးခဲ့သည် ။

သို့သော် ဦးဖြိုးစံကို ဖမ်းဆီးစစ်ဆေးနေသည့်နေရာမှာ လောင်းလုံးမြို့နယ်အတွင်းမဟုတ်ဘဲ နောက်တစ်နေရာတွင် ဖြစ်ကြောင်း ရဲဘော် စောဒါးကို ကဆိုသည်။

မည်သည့်နေရာတွင် စစ်ဆေးခဲ့သည်ကိုမူ လုံခြုံရေး အခြေအနေအရ ပြောဆိုခြင်းမရှိပေ။

“အဓိက သတိပေးချင်တာက ဝန်ထမ်းတွေက စစ်ကောင်စီခိုင်းသမျှမလုပ်ကြဖို့ရယ်၊ လူထုကို ဒုက္ခမပေးဖို့ရယ်၊ လူထုကိုဒုက္ခပေးရင် ခင်ဗျားတို့ပတ်ဝန်းကျင်မှာ ခင်ဗျားတို့လုပ်သမျှကို အသေအချာမှတ်တမ်းတင်နေပါတယ်လို့ ပြောချင်ပါတယ်” ဟု ရဲဘော်စောဒါးကိုက ပြောသည်။

ဦးဖြိုးစံသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်း တူးဖော်ရေးလုပ်ငန်းခွင် စက်ပစ္စည်းများ ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ သိရကြောင်း နည်းဗျူဟာ ၃၃ က ဆိုသည်။