ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရန်ကုန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပြန့်ပွားနေသဖြင့် နယ်စပ်အဝင်အထွက်ကို ထိုင်းသတိထား စောင့်ကြည့်

August 20, 2026

ပုံစာ - ရန်ကုန်ဆေးရုံကြီး

ရန်ကုန်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန့်ပွားနေသဖြင့် နယ်စပ်အဝင်အထွက်များကို ထိုင်းအစိုးရက သတိထား စောင့်ကြည့်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများကို ထိုင်း-မြန်မာနယ်စပ်ဒေသ၊ နိုင်ငံတကာလေဆိပ်များအပြင် နိုင်ငံအတွင်းရှိ ဆေးရုံများတွင်ပါ သတိထားစောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ရောဂါသံသယရှိပါက အမြန်ဆုံး စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်း၊ ရောဂါ စုံစမ်းရေးနှင့် ထိန်းချုပ်ရေးဌာနများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ရောဂါပြန့်ပွားနေသော ရန်ကုန်မြို့ကို သွားရောက်လည်ပတ်မည့် ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အစားအစာနှင့် ရေများကို သတိထားသောက်သုံးကြရန်၊ ဖြစ်နိုင်ပါက ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး ထိုးနှံထားကြရန် သတိပေးထားသည်။

အကယ်၍ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လာသူများအနေဖြင့် ဝမ်းပျက်ခြင်း သို့မဟုတ် အော့အန်ခြင်းများ ခံစားရပါက နီးစပ်ရာ ဆေးရုံသို့ ချက်ချင်းပြ၍ ကုသမှုခံယူရန်နှင့် ခရီးသွားရာဇဝင်ကို မှန်မှန်ကန်ကန် ပြောဆိုကြရန် တိုက်တွန်းထားသည်။

ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်ရာနေရာများတွင်လည်း အစားအသောက်၊ သောက်သုံးရေ၊ အိမ်သာနှင့် စွန့်ပစ်အမှိုက်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန်လည်း ညွှန်ကြားထားကြောင်း ဖော်ပြသည်။

ရန်ကုန်မြို့တွင် ဩဂုတ်လ ၉ ရက်မှစ၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ကူးစက်ပြန့်ပွားလာပြီး ဩဂုတ်လ ၁၈ ရက်အထိ ရောဂါကြောင့် ဆေးရုံတက် ကုသမှု ခံယူခဲ့ရသူ ၆၀၀ ကျော်ရှိခဲ့ကြောင်း ပြည်တွင်း သတင်းများက ဖော်ပြသည်။

ရန်ကုန်ရှိ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာများတွင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် လမ်းဘေး ဈေးရောင်းချမှုကို တားမြစ်ထားကြောင်း ဖော်ပြသည်။

လက်ရှိတွင် ရောဂါကူးစက်ခံရသူ လျော့ကျနေပြီဖြစ်သော်လည်း သတိထား စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

Ref: The Nation Thailand

ပုံစာ – ရန်ကုန်ဆေးရုံကြီး