ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းအတွင်း မြို့ရွာအချို့ရေကြီးရေလျှံ

August 20, 2026

တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာအချို့တွင် ယခု သြဂုတ်လ တတိယပတ်၌ မိုးကြီးကာ ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်စဥ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိသည့် တနင်္သာရီမြစ်ရေသည် သြဂုတ်လ ၁၇ ရက်တွင် စိုးရိမ်ရေအမှတ် ရေအမြင့် ၁၇ ပေဝန်းကျင်သို့ ရောက်ရှိကာ တနင်္သာရီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နေကြောင်း မြို့ခံများက ပြောသည်။

တနင်္သာရီမြစ်ရေနှင့် တစ်ဆက်စပ်တည်းရှိသည့် ပြည်ထောင်စုကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင်လည်း သြဂုတ်လ ၁၉ ရက်ညနေပိုင်းက ဒူးဝန်းကျင်အထိ ရေတက်နေကြောင်း ဒေသခံတစ်ဦး မှတ်တမ်းတင်ထားသည့် ရုပ်သံ၌ တွေ့ရသည်။

တနင်္သာရီမြစ်ရေသည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ရေတက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်ကလည်း စိုးရိမ်ရေအမှတ် ရေအမြင့် ၁၇ ပေ ကျော်အထိ ရောက်ခဲ့သေးသည်။

အလားတူ ထားဝယ်ခရိုင်တွင်လည်း ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့ အပါအဝင် မြစ်ချောင်းနှင့် နီးသည့် ကျေးရွာအချို့တွင် ရေကြီးရေလျှံနေကြောင်း ထားဝယ်ဒေသခံများထံမှ သိရသည် ။

သို့သော် ရွှေ့ပြောင်းရသည့် အခြေအနေမျိုး မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

သြဂုတ်လ ၂၄ ရက်အထိ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား (ကရင်နီ)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်နှင့် တိုင်းတို့တွင် မိုးဆက်ကြီးမည်ဖြစ်ကြောင်း စစ်အစိုးရ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မိုးကြီးခြင်းဖြစ်ကြောင်း မိုးဇလက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုသင့်ကြောင်း သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာန၏ တစ်ပတ်တာ ကြိုတင်မိုးလေဝသခန့်မှန်းချက်တွင်လည်း သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ဒေသ တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြို မြေပြိုခြင်းနှင့် လျှပ်တစ်ပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။