ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုန်းကြီးကိုယ်တိုင် ကားမောင်းလျှင် ဖမ်းဆီးရန် စစ်ဆေးရေးဂိတ်များကို စစ်အုပ်စုညွှန်ကြား

September 1, 2026

တနင်္သာရီတိုင်းတွင် ဘုန်းတော်ကြီးကိုယ်တိုင် ကားမောင်းလျှင် စစ်ဆေးဖမ်းဆီးအရေးယူရန် မြို့အဝင်အထွက်ရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကို စစ်အုပ်စုက ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင်ရှိ သံဃာတော်အချို့က ပြောသည်။

ယင်းသို့ မညွှန်ကြားမီက ဘုန်းတော်ကြီးများ ကိုယ်တိုင် ကားမမောင်းကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ကလည်း တိုင်း၊ ခရိုင်၊ မြို့နယ် သံဃာဂိုဏ်းများထံ ညွှန်ကြားထားသေးသည်။

ဘုန်းတော်ကြီးများ ကိုယ်တိုင် ကားမောင်းခြင်းကြောင့် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာပါက အရေးယူခြင်း၊ တရာစွဲဆိုခြင်း စသည်ဖြင့် ဥပဒေအရ ဖြေရှင်းရခက်သော ပြဿနာများကြောင့် ယင်းသို့ညွှန်ကြားခြင်း ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန် ဇူလိုင် လဆန်းပိုင်းတွင် သံဃာတော်များအား သက်ဆိုင်ရာ သံဃာဂိုဏ်းများမှတစ်ဆင့် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ရှိ သံဃာတော်အချို့က ပြောဆိုသည်။

သို့သော် မဟန ၏ ညွန်ကြားချက်ကို ဘုန်းတော်ကြီးအချို့က လိုက်နာမှုမရှိဘဲ ကိုယ်တိုင်ကားမောင်းနေကြသဖြင့် ဖမ်းဆီး အရေးယူရန် စစ်ဆေးရေးဂိတ်များကို စစ်အုပ်စုက ထပ်ဆင့် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သံဃာတော်များက ပြောဆိုသည်။

“တချို့ (ဘုန်းကြီး) တွေက အဲဒါကို (မဟန ညွန်ကြားချက်ကို) မလိုက်နာတာတွေရှိတယ်ပေါ့လေ။ အဲဒီတော့ လုပ်ထုံးလုပ်နည်းအရဆိုရင် ဓမ္မစက်နဲ့ မရရင် အာဏာစက်သုံးတဲ့သဘောမျိုး သာသနာရေး (သာသနာရေးဦးစီးဌာန) ကနေတစ်ဆင့် မြို့ဝင်ထွက်ဂိတ်တွေမှာ စစ်ဆေးဖို့ဆိုပြီး စာထုတ်လိုက်တာလို့ကြားရတယ်” ဟု ထားဝယ်ခရိုင်ရှိ ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ကြားသည်။

ပထမအကြိမ် ဖောက်ဖျက်ပါက သတိပေးမည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံတွေ့ရှိလျှင် သာသနာရေးဦးစီးဌာနက ဦးဆောင်ပြီး ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း အထက်ပါ ကျောင်းထိုင်ဆရာတော်က ပြောဆိုသည်။

စစ်ဆေးဖမ်းဆီးရန် စာထုတ်ပြီးနောက်ပိုင်း ဘုန်တော်ကြီးကိုယ်တိုင်မောင်းသည့်ကားများ မြို့ပေါ်တွင် မရှိသလောက် ဖြစ်သွားသော်လည်း နယ်ကျေးရွာများဘက်တွင်မူ ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

တစ်ဖက်တွင်မူ ဘုန်းကြီးများကိုယ်တိုင်ကားမမောင်းရ ကန့်သတ်ချက်ကြောင့် ပဋိပက္ခဒေသရှိ ရဟန်းများအတွက် အရေးပေါ် ရွှေ့ပြောင်းသွားလာရန် အခက်အခဲတွေ့စေကြောင်း သံဃာအချို့က ပြောဆိုသည်။