ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်သူ ပြန်များလာ

July 20, 2026

ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချမည်ဟု စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောဆိုပြီးနောက် ဆီခွဲတမ်း လျှော့ချသဖြင့် ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ဇူလိုင်လ တတိယပတ်မှစတင်ကာ ဆီတန်းစီဝယ်ယူသူ ပြန်များလာကြောင်း မြို့ခံများနှင့် စက်သုံးဆီရောင်းချသူ အသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။

ဇူလိုင်လ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုစစ်အစိုးရဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင်က နိုင်ငံခြားငွေသုံးစွဲနေရခြင်းကြောင့် စက်သုံးဆီနှင့် စားသုံးဆီများ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ရန် နည်းလမ်းများ ရှာဖွေရန်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဇူလိုင်လဒုတိယပတ်အတွင်း နိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ခွဲတမ်းကို စစ်အစိုးရက လျှော့ချလိုက်ခြင်းကြောင့် ဆီဆိုင်များကလည်း သတ်မှတ် ပမာဏအတိုင်း ပြန်လည်ရောင်းချရာမှ တန်းစီဝယ်ယူသူ ပိုများလာကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောသည်။

“ဆီက မပြတ်ဘူး။ ဥပမာ တစ်လကို ဆီ (ဘောက်ဆာ) ကား ၅စီးလောက် ခွဲတမ်းရနေတဲ့နေရာကနေ လျှော့ချလိုက်တဲ့ အတွက် တစ်လကို သုံးစီးလောက်ပဲရရင် သူဆီလက်ကျန်နဲ့ ချင့်ချိန် ရောင်းရတော့ အခုက စုံမကန့်သတ်ချက်တွေ ပြန်လုပ်ရတဲ့ သဘော။ လူများတာက ကြောက်ပြီး ကိုယ့်အလှည့်ကျတဲ့နေ့ ဆီအပြည့် ဖြည့်ထားရမယ်ဆိုတဲ့ သူမျိုးတွေ လာတိုးနေကြတာ” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့တွင်လည်း ဇူလိုင်လ တတိယပတ်ကစပြီး ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းသူ ပြန်များလာကြောင်း မြို့ ခံ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ပြောဆိုသည်။

“ဆီက မပြတ်ဘူး။ လူများနေတာပဲ ရှိတယ်။ အခုဆို နှစ်ရက်လောက်ရှိပြီ။ စုံရက် မရက်ပဲ ကန့်သတ်ချက် ရှိသေးတယ်။ အရင်လို ဆီပမာဏ ကန့်သတ်ပြီး ရောင်းတာတော့ မရှိဘူး” ဟု ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင်လည်း ဇူလိုင်လ ဒုတိယပတ်အတွင်း စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်ကာ စျေးမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ရှိ ယနေ့ ဇူလိုင်လ ၂၀ ရက်၌ ၉၂ ဓာတ်ဆီ တစ်လီတာ စျေးနှုန်းမှာ ၃၃၇၀ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်တွင် ကျပ် ၅၀၀၀ ၊ ၆၀၀၀ အထိ စျေးရှိနေကြောင်း မြို့ခံအချို့က ပြောဆိုသည်။

အမေရိကန်၊ အစ္စရေး နှင့် အီရန်စစ်ပွဲကြောင့် စက်သုံးဆီ ဂယက်ရိုက်ခတ်ခဲ့ရာ ထားဝယ်တွင်မူ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင် ပြည်ပစျေးကွက်၌ စက်သုံးဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းအထိ စျေးမြင့်တက်ခဲ့သည်။