လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်။ စပိန်နိုင်ငံ ဂီဂျွန်မြို့မှာ အနောက် ဂျာမနီ နဲ့ ဩစတြီးယားတို့ ကန်ကြတယ်။ နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲ။ အခြေအနေက ရိုးရှင်းတယ်။ ဂျာမနီက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ရင် နှစ်သင်းစလုံး အုပ်စုကနေ တက်မယ်။ အယ်လ်ဂျီးရီးယားကတော့ ပြုတ်ကျန်ရစ်မယ်။
တကယ်လည်း ပွဲစပြီး ၁၀ မိနစ်မှာ ဂျာမနီက ဂိုးသွင်းလိုက်တယ်။ အဲဒီနောက် ကျန်တဲ့ မိနစ် ၈၀ လုံးလုံး နှစ်သင်းစလုံးဟာ ဘောလုံးကို ဟိုပတ်ပေး၊ ဒီပတ်ပေးနဲ့ အချိန်ဆွဲပြီး ကစားသွားခဲ့ကြတယ်။ ပရိသတ်တွေက ကွင်းထဲကို ပိုက်ဆံတွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မီဒီယာတွေကလည်း ဒီပွဲကို သိက္ခာမဲ့တဲ့ ပွဲတစ်ပွဲအဖြစ် ရေးသားဖော်ကျူးခဲ့ကြတယ်။
အဲဒီဖြစ်ရပ်ကို ဘောလုံးသမိုင်းမှာ “ဂီဂျွန် အရှက်ခွဲမှု (Disgrace of Gijón)” လို့ ခေါ်ကြပါတယ်။
ဒီနောက်မှာတော့ FIFA က အုပ်စုအဆင့် နောက်ဆုံးပွဲတွေကို တစ်ချိန်တည်း ကျင်းပဖို့ စည်းမျဉ်းပြောင်းလဲခဲ့တယ်။ အသင်းတစ်သင်းက တခြားပွဲရလဒ်ကို ကြိုသိပြီး အကျိုးအမြတ်တွက်ချက်ကစားတာကို တားဆီးဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ် ၄၀ ကျော် ကြာမြင့်လာတဲ့ အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ FIFA ဟာ တစ်ချိန်က ဖြေရှင်းခဲ့ပြီးသား ပြဿနာတချို့ဆီ ပြန်လှည့်သွားနေသလို မြင်ရပါတယ်။
၁၉၈၆ ကနေ ၁၉၉၄ အထိ ကမ္ဘာ့ဖလားမှာ ၂၄ သင်းပဲ ပါဝင်ခဲ့တယ်။ အုပ်စုထဲက ပထမနဲ့ ဒုတိယရတဲ့ ၁၂ သင်းက တိုက်ရိုက်တက်ခွင့်ရတယ်။ ရှုံးထွက်အဆင့်မှာ ၁၆ သင်းပြည့်ဖို့အတွက် တတိယရတဲ့အသင်းတချို့ကိုလည်း ထပ်တိုးရွေးချယ်ခဲ့ရတယ်။
အဲဒီစနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်။
အုပ်စု (A) က တတိယရတဲ့အသင်းနဲ့ အုပ်စု (F) က တတိယရတဲ့အသင်း ဘယ်သူပိုကောင်းသလဲဆိုတာ သူတို့နှစ်သင်း တိုက်ရိုက်မကစားဘဲ အမှတ်၊ ဂိုးကွာဟချက်၊ သွင်းဂိုး စတာတွေနဲ့ နှိုင်းယှဉ်ဆုံးဖြတ်ရတယ်။ ကိုယ့်ပွဲပြီးသွားရင်လည်း တခြားအုပ်စုက ရလဒ်တွေကို ရင်တမမနဲ့ ထိုင်စောင့်ရတယ်။ ပြီးတော့မှ ကိုယ်တက်မတက် သိရတယ်။
၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားမှာတော့ FIFA ဟာ ၃၂ သင်းစနစ်ကို ပြောင်းလိုက်တယ်။ လေးသင်းပါတဲ့ အုပ်စုရှစ်ခု၊ တစ်အုပ်စုကို နှစ်သင်းတက်၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်။ ရိုးရှင်းတယ်။ မျှတတယ်။
ဒါကြောင့်လည်း ၃၂ သင်းစနစ်ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကောင်းဆုံးပြိုင်ပွဲပုံစံတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုတော့ FIFA ဟာ အသင်းအရေအတွက်ကို ၄၈ သင်းအထိ တိုးချဲ့လိုက်တယ်။ အကြောင်းပြချက်က လှတယ်။ ကမ္ဘာ့ဒေသအသီးသီးကို ကိုယ်စားပြုခွင့် ပိုရမယ်။ အသင်းငယ်တွေ အခွင့်အရေး ပိုရမယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ ပွဲစဉ်ပိုများလာလေ ရုပ်သံဝင်ငွေပိုရလေ၊ စပွန်ဆာငွေပိုရလေဆိုတဲ့ စီးပွားရေးတွက်ချက်မှုကြီးကလည်း ထင်ထင်ရှားရှား ရှိနေပါတယ်။
၄၈ သင်းစနစ်မှာ အုပ်စု ၁၂ ခု ပါဝင်မယ်။ အုပ်စုပထမ ၁၂ သင်း၊ ဒုတိယ ၁၂ သင်းနဲ့ အကောင်းဆုံး တတိယ ၈ သင်း စုစုပေါင်း ၃၂ သင်းက နောက်တစ်ဆင့်တက်မယ်။ ဆိုလိုတာက FIFA ဟာ တစ်ချိန်က စွန့်ပစ်ခဲ့ပြီးသား ‘အကောင်းဆုံး တတိယနေရာအသင်း’ဆိုတဲ့ စနစ်ကို ပြန်ခေါ်လာတာ ဖြစ်တယ်။
အုပ်စုတစ်ခုက အသင်းနဲ့ တခြားအုပ်စုက အသင်း ဘယ်သူပိုကောင်းသလဲဆိုတာကို ဘောလုံးကွင်းထဲမှာ မဆုံးဖြတ်ဘဲ သင်္ချာနည်းနဲ့ ဆုံးဖြတ်ရမယ်။ သင်္ချာနဲ့ တွက်ချက်လို့ အဖြေမရရင် မဲနှိုက်ပြီး ကံကြမ္မာကို သတ်မှတ်မယ်။ အဲဒီအချက်က ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတစ်ခုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။
ဒီလို တိုးချဲ့မှုအပေါ် ဘောလုံးလောကက ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ကစားသမားတွေအပေါ် ပွဲစဉ်ဝန်ထုပ်ဝန်ပိုးတွေ ပိုများလာနေတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။ ဂျာမနီဂန္ထဝင် ဖိလစ်လမ်းကလည်း ကမ္ဘာ့ဖလားရဲ့ ထူးခြားမှုနဲ့ ရှားပါးတန်ဖိုးတွေ လျော့နည်းသွားမယ်လို့ သတိပေးခဲ့ပါတယ်။
ဝေဖန်မှုတွေက ပညာရှင်တွေဆီကတင် ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ အခုကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကို ကွင်းထဲအထိ သွားရောက်အားပေးကြတဲ့ ပရိသတ်တွေကလည်း ညည်းတွားအော်ဟစ်နေကြပါတယ်။
၄၈ သင်းစနစ်ကြောင့် ပွဲစဉ်တွေ များပြားလာတဲ့အပြင် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုဆိုပြီး နိုင်ငံသုံးခု ခွဲပြီး ကျင်းပနေတာမို့ ပရိသတ်တွေဟာ ကိုယ့်အသင်းနောက်ကို လိုက်အားပေးဖို့ ခရီးပြင်းတွေ နှင်ကြရမယ်။
တစ်ခါ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားဆိုရင် ပိုဆိုးပါပြီ။ တောင်အမေရိက၊ အာဖရိကနဲ့ ဥရောပဆိုပြီး တိုက်ကြီး သုံးတိုက်တောင် ခွဲပြီးလုပ်ဦးမှာပါ။ မိုင်ပေါင်းထောင်ချီဝေးတဲ့ နိုင်ငံတွေ၊ ကွဲပြားတဲ့ ရာသီဥတုတွေနဲ့ အချိန်ဇုန်တွေကြားထဲ ကစားသမားတွေရော၊ ပရိသတ်တွေရောဟာ လေယာဉ်တွေနဲ့ ပတ်ပြေးပြီး မောနေရုံပါပဲ။ ကမ္ဘာ့ဖလားဆိုတာ နိုင်ငံတစ်နိုင်ငံတည်းမှာ အတူဆုံဆည်းကြတဲ့ ချစ်ကြည်ရေးပွဲတော်ကြီး မဟုတ်တော့ဘဲ ပရိသတ်တွေရဲ့ အိတ်ကပ်ကို ညှစ်ထုတ်ပြီး ပင်ပန်းဆင်းရဲစေတဲ့ ခရီးကြမ်းကြီးတစ်ခုလို ဖြစ်နေပါပြီ။
FIFA ရဲ့ ငွေမက်မှုဟာ အသင်းအရေအတွက် တိုးတာတင် မဟုတ်ပါဘူး။ မိနစ် ၉၀ စာ ဘောလုံးပွဲရဲ့ စီးဆင်းမှုရသကိုပါ ထိခိုက်စေတဲ့အထိ ရောက်လာနေပါတယ်။
အခုကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ မြောက်အမေရိကရဲ့ အပူဒဏ်ကို အကြောင်းပြပြီး ပွဲချိန် ၂၅ မိနစ်ပြည့်တိုင်း ရေသောက်နားချိန် ထည့်သွင်းထားပါတယ်။ ကစားသမားကျန်းမာရေးကို ဂရုစိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီရပ်နားချိန်တွေဟာ စပွန်ဆာကြော်ငြာတွေ ထည့်သွင်းဖို့ အခွင့်အရေးတွေ ဖြစ်လာတာကိုလည်း မငြင်းနိုင်ပါဘူး။
တစ်ဖက်မှာလည်း FIFA ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အာဏာရှင်အစိုးရတွေ၊ အငြင်းပွားဖွယ် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ထက် စီးပွားရေးအကျိုးအမြတ်ကို ပိုဦးစားပေးတယ်ဆိုတဲ့ ဝေဖန်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရဲ့ တန်ဖိုးဆိုတာ အသင်းအရေအတွက် များပြားခြင်းကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဝင်ခွင့်ရဖို့ ခက်ခဲခြင်း၊ ပွဲတိုင်းက အရေးကြီးနေခြင်းနဲ့ ရလဒ်တိုင်းက အလေးချိန်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။
တစ်ချိန်က လေးနှစ်မှတစ်ကြိမ် ကျင်းပတဲ့ ရှားပါးတဲ့ အားကစားပွဲတော်ကြီးဟာ အခုတော့ ပွဲစဉ်တွေ ပိုများလာတယ်၊ ကြော်ငြာတွေ ပိုများလာတယ်၊ ဝင်ငွေတွေ ပိုများလာတယ်။ တစ်ဖက်မှာတော့ ပြိုင်ပွဲရဲ့ ရသက လျော့လာနေတယ်။
အကျိုးဆက်ကတော့ ကျွန်တော်တို့ရဲ့ ရင်ခုန်သံဟာ ကမ္ဘာ့ဖလားအတွက် သိပ်ပြီး မမြန်တော့တာပါပဲ။ အေးစက်စက်ဖြစ်နေတယ်။
ငြိမ့်လွင့်







