ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့တွင် ဒုစရိုက်မှုများလာသဖြင့် စိုးရိမ်ကြောင်း မြို့ခံများပြော

July 23, 2026

မွန်ပြည်နယ် စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လုယက် လူသတ်မှု အစရှိသည့် ဒုစရိုက်မှုများ ပေါများလာသဖြင့် အများပြည်သူလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။

စစ်အာဏာရှင်တပ် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကျပ်ထားသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများ အပြင် လုယက် လူသတ်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေကြေင်း ၎င်းတို့က ဆိုသည်။

“မော်လမြိုင်မှာ ခိုးတာ လုယက်တာတွေက တော်တော်ကို ဆိုးလာပါတယ်။ ဆိုင်ကယ်ဆိုရင် နေ့တိုင်း အခိုးခံထိနေတယ်။ စျေးမှာလည်း အခိုးခံထိတယ်။ ဆေးရုံမှာလည်း ခိုးတယ်။ အိမ်ထဲထိကို ဝင်ခိုးခံနေရတယ်။ CCTV တပ်ထားလည်း ဘာမှလုပ်လို့ မရဘူး။ သူခိုးတွေက မိန်းကလေး‌တွေလည်း ပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂ ရက်က မော်လမြိုင်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်ရိုးတန်းလမ်းတွင် ဆိုင်ကယ် တက္ကစီသမားတစ်ဦးက ဆိုင်ကယ် လုယက် သတ်ဖြတ်ခံခဲ့ရသည်။

ယင်းအပြင် တောင်ရိုးတန်းလမ်းတစ်လျှောက်တွင် ဖြတ်သန်းသွားလာသူများ၊ ကျန်းမာရေး လမ်းလျှောက်သူများကို လုယက်ရန် ကြံစည်သည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေကြောင်း မြို့ခံများက ပြောဆိုသည်။

“ဒီနောက်ပိုင်း တစ်ယောက်တည်းဆို ဘယ်မှ မသွားရဲတော့ဘူး။ ဆိုင်ကယ်နောက်ကနေ လိုက်လာပြီးတော့ လုမလို လုပ်တာတွေက ကိုယ့်အနီးအနားက လူတွေလည်း ကြုံနေရတယ်။ မလုံခြုံတော့ဘူး။ အရင်လို ဆိုင်ကယ်နဲ့ လျှောက်မသွားရဲတော့ဘူး” ဟု အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ ပစ္စည်းလု လူသတ်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်ကြားမှု ရှိသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း မြို့ခံများက ဆိုသည်။

“ကိုယ့်ဆိုင်ကယ် အခိုးခံရလို့ ရဲစခန်းမှာ သွားတိုင်တာလည်း ဘာမှမထူးဘူး။ ဘာမှလည်း အရေးတယူ လုပ်ပေးတာမရှိဘူး။ ကိုယ်ထိ ကိုယ်ခံပဲ။ တရားဥပဒေစိုးမိုးမှုက ဟိုအောက်ဆုံးအဆင့်ကို ရောက်နေတဲ့အခြေအနေပါ” ဟု မုဒုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ဓားပြတိုက်မှုလည်း ဖြစ်ပွားခဲ့သေးသည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသားသုံးဦးဝင်ရောက် ဓားပြတိုက်ခြင်းဖြစ်ပြီး ရွှေ ၁၀ ကျပ်သား၊ ငွေသားကျပ်သိန်း လေးရာခန့်နှင့် တန်ဖိုးကြီးဖုန်းများ ပါသွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်း၌ ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။