မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်၊ ကားနှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
စစ်အာဏာရှင် အမှတ် (၄၄)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈) ၊ ပျူစောထီးအဖွဲ့နှင့် အမှတ် (၃၁၄) အမြောက်တပ်ရင်းတို့ ပူးပေါင်းအင်အား တစ်ရာကျော်ဖြင့် ဇူလိုင်လ ၅ရက်ကစပြီး ဘီးလင်းမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု၊ ကြက်ခြေခတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။
ယင်းနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများ၏ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် တက်တူကုန်းနှင့် ကြက်ခြေခတ်ကျေးရွာအကြားရှိ နေအိမ်များ၊ ကုန်စုံဆိုင်များကို ဖောက်ထွင်းပြီး ပစ္စည်းများကို သိမ်းယူသွားသည့်အပြင် နေအိမ်ခြောက်လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်းတစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ အမျိုးသားတစ်ဦး တို့ကိုလည်း ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဖော်ပြသည်။
“သထုံခရိုင်ဘက်မှာ စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေက ဆက်တိုက်ကို ဖြစ်နေပါတယ်။ အဲဒါတွေကြောင့်လည်း တိမ်းရှောင်ရတဲ့လူတွေ ပိုပြီး တိုးလာနေတဲ့အခြေအနေရှိတယ်။ စစ်ကြောင်း ဝင်လာတဲ့အချိန်မှာ ဖမ်းဆီးခံရတာတွေကလည်း ရှိနေတယ်။ စစ်ရေးအခြေအနေတွေက ငြိမ်သက်သွားတာ မရှိဘူး” ဟု ဒေသတွင်း ထွက်ပြေးတိမ်းရှောင်နေရသူများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သား ပြည်သူများ၏ အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးရသည့်အပြင် လုံခြုံရေးအခြေအနေလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။
ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့တိုင်းနီးပါး ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်အာဏာရှင်တပ်၏ တိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် ဘီးလင်းမြို့နယ်အတွင်းက အရပ်သားပြည်သူ ထိခိုက် သေဆုံးမှု ရှိနေသည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။







