ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် သုံးစွဲသူများ၏ တယ်လီဂရမ် (Telegram) အကောင့်များ နည်းပညာအရ ထိန်းချုပ် (Hack) ခံရပြီး အခြားသူများထံ ညစ်ညမ်းရုပ်သံ လင့်ခ် (Link) များ အလိုအလျောက် ပေးပို့နေသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရင်းနှီးသည့် မိတ်ဆွေများထံမှ ပေးပို့လာသော လိင်ဖျော်ဖြေရေး ရုပ်သံကြည့်ရှုရန် ရေးသားထားသည့် လင့်ခ်များကို ဝင်ရောက်နှိပ်မိရာမှစတင်ကာ အကောင့်များ ထိန်းချုပ်ခံရခြင်းဖြစ်သည်။
အဆိုပါ လင့်ခ်ကို နှိပ်မိပါက အကောင့်ပိုင်ရှင် မသိရှိဘဲ ၎င်း၏ တယ်လီဂရမ် Contact စာရင်းတွင်ရှိသော အခြားသူများထံသို့ ညစ်ညမ်း မက်ဆေ့ချ်နှင့် လင့်ခ်များ အလိုအလျောက် ပြန့်နှံ့သွားခြင်း၊ အကောင့်မှ လော့ဂ်အောက် (Log out) ထွက်၍ မရတော့ခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရကြောင်း စုံစမ်းသိရသည်။
“မြိတ်မှာနေတဲ့ သူငယ်ချင်းဆီက ပို့လာတဲ့ လင့်ခ်ကို နှိပ်မိရာကနေ ကျွန်တော့်အကောင့်ကပါ အခြားသူတွေကို အဲဒီ ဗီယိုလင့်ခ်တွေ လျှောက်ပို့နေတာ။ ပို့နေမှန်းလည်း ကျွန်တော်မသိဘူး၊ သူများတွေလာပြောမှ သိတာ” ဟု အကောင့် ဟက်ခံရသူ ထားဝယ်မြို့ခံ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကလည်း ဇူလိုင်လ ၂၉ ရက်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့သဖြင့် မိမိအကောင့်မှတစ်ဆင့် ငွေကြေးတောင်းခံခြင်း သို့မဟုတ် ချေးငှားခြင်းများ ရှိလာပါက မပေးကြရန် Facebook ပေါ်တွင် ကြိုတင်သတိပေးချက် တင်ခဲ့ရကြောင်း ဆိုသည်။
“အကောင့်ကနေ ပိုက်ဆံတောင်းတာမျိုးတော့ မရှိသေးပါဘူး။ မကောင်းတဲ့ ရုပ်သံဖိုင်တွေ လျှောက်ပို့နေတာ တစ်ခုပဲ။ ကျွန်တော့် သူငယ်ချင်း အကောင့်တော်တော်များများလည်း အဲဒီလို ဖြစ်နေကြတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုဖြစ်စဉ်တွင် တယ်လီဂရမ်အကောင့် လုံးဝ ဆုံးရှုံးသွားခြင်း မရှိဘဲ ပြန်လည် ရရှိကြဍေသလို အကောင့်ကို အသုံးပြု၍ ငွေကြေး တောင်းခံခြင်း သို့မဟုတ် လိမ်လည် ချေးငှားခြင်းမျိုး လတ်တလော မတွေ့ရသေးကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ သုံးဦး၏ ပြောဆိုချက်အရ သိရသည်။
နည်းပညာ ကျွမ်းကျင်သူတစ်ဦးကမူ တယ်လီဂရမ်မှတစ်ဆင့် ရောက်ရှိလာသည့် မသင်္ကာဖွယ် ညစ်ညမ်းရုပ်သံ လင့်ခ်များကို အတတ်နိုင်ဆုံး မနှိပ်ကြရန်နှင့် နှိပ်မိပါက နည်းပညာ ကျွမ်းကျင်သူများကို အကူညီတောင်းရန် သတိပေးပြောဆိုသည်။
“နည်းပညာကျွမ်းတဲ့သူတွေ လက်လှမ်းမမီဘူးဆိုရင် ကိုယ်က အေအိုင်ကိုမေးပြီးလုပ်တတ်ရင် လုပ်လို့ရတယ်။ ကိုယ်မှာဖြစ်နေတာကို အေအိုင်ပြောပြပြီး ဘယ်လိုဖြေရှင်းရမလဲလို့ မေးလိုက်ရင် သူပြောပြလိမ့်မယ်“ ဟု ၎င်းကဆိုသည်။
တယ်လီဂရမ်၊ Facebook စသည့် ဆိုရှယ်မီဒီယာသုံးစွဲသူများအနေဖြင့် သံသယဖြစ်ဖွယ်လင့်များကို အလွယ်တကူမနှိပ်ရန်လည်း နည်းပညာကျွမ်းကျင်သူများက ပြောဆိုကြသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက်အထိ မေးမြန်းချက်အရ တိုင်းအတွင်းရှိ တယ်လီဂရမ် (Telegram) အကောင့်များ နည်းပညာအရ ထိန်းချုပ် (Hack) ခံရပြီး၊ အခြားသူများထံ ညစ်ညမ်းရုပ်သံ လင့်ခ် (Link) များ အလိုအလျောက် ပေးပို့နေသည့် ဖြစ်စဉ်များ ဆကိလက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။







