ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ပျောက်နေသော ရုရှားမောင်နှမ အလောင်း ပြန်တွေ့၊ ထိုင်းသုံးဦးကိုပါ သတ်ပြီးမြှုပ်ထား

August 1, 2026

Ref: Thai PBS, The Thaiger, Bangkok Post

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် သတ်ဖြတ်ခံထားရသော ရုရှားမောင်နှမနှစ်ဦး၏ အလောင်းကို ပြန်တွေ့ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အလောင်းမြှုပ်ထားသောနေရာအနီးတွင် နောက်ထပ် ထိုင်းနိုင်ငံသား မိသားစုဝင် သုံးဦး၏ အလောင်းများကိုပါ မြှုပ်နှံထားသည်ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၁၇ နှစ်နှင့် ၂၂ နှစ်အရွယ် ရုရှားမောင်နှမနှစ်ဦးသည် ဇူလိုင်လ ၂၆ ရက်နေ့က နေအိမ်မှ ထွက်ခွာလာပြီးနောက် လမ်းတွင် ပျောက်ဆုံးသွားခဲ့သည်။

CCTV မှတ်တမ်းများအရ မောင်နှမနှစ်ဦးသည် တံတားအနီးတွင် လူတစ်ဦးနှင့် စကားပြောခဲ့ပြီးနောက် နောက်ထပ် ဆိုင်ကယ်သမားတစ်ဦးနောက်သို့ လိုက်ပါသွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညတွင် တံတားအနီး တောထဲ မြေတူးသည့် ကိရိယာများဖြင့် လူနှစ်ဦး ရှိနေခဲ့သည်ဟု ပြည်သူများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာသည်။

နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့များ တောထဲ သွားရောက်စစ်ဆေးရာ မောင်နှမနှစ်ဦး စီးလာသော ဆိုင်ကယ်ကို မြေမြှုပ်ထားသည့်ပုံစံဖြင့် တွေ့ရှိခဲ့ပြီး နံပါတ်ပြားကို အတည်ပြုနိုင်ခဲ့သည်။

သံသယရှိသူနှစ်ဦးကို ခြေရာခံလိုက်ရာမှ ဇူလိုင်လ ၃၁ ရက် ညနေပိုင်းတွင် အသက် ၄၃ နှစ်နှင့် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသားနှစ်ဦးကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စကဲဝိုခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးသည် မောင်နှမနှစ်ဦးထံမှ ဆိုင်ကယ်ကို ခိုးယူလိုသဖြင့် ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ခေါ်ဆောင်ခဲ့ကြောင်း၊ တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နောက်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့၍ မြေမြှုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

၎င်းမောင်နှမနှစ်ဦးသည် ၂၀၂၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံရှိ မိခင်ဖြစ်သူထံ လာရောက် အခြေချ နေထိုင်နေသူများဖြစ်သည်။

ရဲတပ်ဖွဲ့က မြေမြှုပ်ထားသောနေရာတွင် တူးဖော်ရာ တစ်မီတာခန့် တူးဖော်ပြီးနောက် မောင်နှမနှစ်ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး မှုခင်းဆေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း၊ မောင်နှမနှစ်ဦး မြှုပ်နှံထားသော နေရာအနီးတွင် ထိုင်းနိုင်ငံသား မိသားစုဝင်သုံးဦး၏ အလောင်းကို ထပ်မံမြှုပ်နှံထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

အဆိုပါမိသားစုဝင်သုံးဦးသည် ဇူလိုင်လ ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေသူများဖြစ်ပြီး မောင်နှမနှစ်ဦးကို သတ်လိုက်သူနှစ်ဦးအပါအဝင် လူလေးဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းကြောင့် နောက်ထပ် သံသယရှိသူ နှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။