ထားဝယ်မြို့နယ် ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ကို တနင်္သါရီတိုင်းစစ်ဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နည်းဗျူဟာ ၃၃ က ဖမ်းဆီးစစ်ဆေးနေကြောင်း ယနေ့ သြဂုတ်လ ၁ ရက်တွင် ယင်းဗျူဟာ က သတင်းထုတ်ပြန်သည် ။
ရေနက်ဆိပ်ကမ်းနှင့် ကမ်းခြေတစ်ဆက်တည်းတည်ရှိသည့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာတွင် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ ကို နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၃ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည် ။
“ဌာနတွင်း သတင်းပေးချက်အရပဲ ဖမ်းတာပါ။ သူ့ကို စစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် အရေးယူမှုကတော့ အားလုံးစစ်ဆေးပြီးမှပဲ ဆောင်ရွက်မယ်။ အခုကတော့ လောလောဆယ်က စစ်ဆေးနေတုန်းပါ” ဟု နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို က ပြောသည် ။
ဦးဖြိုးစံသည် ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်း တူးဖော်ရေးလုပ်ငန်းခွင်စက်ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ သိရသည်ဟု ဆိုသည် ။
“သူ(ဦးဖြိုးစံ) က မောင်းမကန်ကို ရောက်နေတုန်း အဖမ်းခံရတာပါ။ ရေနက်ဆိပ်ကမ်းထဲမှာ ဖမ်းတာတော့ မဟုတ်ဘူး။ သူက အလည်လာရင်းနဲ့ နယ်မြေ အခြေအနေလာကြည့်တုန်း သတင်းပေးချက်အရ ဖမ်းလိုက်တယ် ” ဟု အမှတ် ၈၀၀၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖမ်းဆီးပြီးနောက် စစ်ဆေးနိုင်ရန် နည်းဗျူဟာ ၃၃ ထံ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည် ။
စစ်အုပ်စု နှင့် ၎င်းတို့၏ ဝါဒဖြန့် ချန်နယ်များ၌မူ အဆိုပါ ဝန်ထမ်းအဖမ်းခံရမှု နှင့် ပတ်သက်၍ ယနေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိသေးပေ ။
သို့သော် ထားဝယ်မြို့နယ် စစ်အစိုးရလက်အောက်ခံ ဝန်ထမ်းအသိုင်းအဝိုင်းထံ မေးမြန်းရာတွင်မူ မြို့နယ် ဒုအကောက်ခွန်မှူး အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း ဆိုကြသည်။
၎င်းဖမ်းဆီး မခံရမီကတည်းက ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပြီး ဇူလိုင်လ ၂ဝ ရက်နောက်ပိုင်းတွင်မူ ရေနက်ဆိပ်ကမ်းဧရိယာ နှင့် ဆက်စပ်နေသည့် လောင်းလုံးမြို့နယ် မြောက်ပိုင်း ကျေးရွာများကိုပါ စစ်ကြောင်းထိုးလာသည် ။







