ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေဇုန် (DSEZ) ရေနက်ဆိပ်ကမ်းဧရိယာတွင် စစ်အာရှင်တပ်စစ်ကြောင်းသည် ဇူလိုင်လ ဒုတိယအပတ်က ရဟန်းတစ်ပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
သတ်ဖြတ်ခံရသည့် ရဟန်းသည် ရေဖြူမြို့နယ် ကုန်းသာယာအင်း (ခ) ကုန်းရပ်အင်း ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အသတ်ခံရတဲ့ရဟန်းက ပြီးခဲ့တဲ့ နွေက အလှူတစ်ခုမှာ အလှူရှင်နဲ့ ရင်းနှီးလို့ ရဟန်းလာခံပြီးကတည်းက လူပြန်မထွက်တော့ဘူး။ နယ်ခံတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရဟန်းဝတ်ပြီးကတည်းက ကုန်ရပ်အင်းကျောင်းမှာပဲ နေတာ” ဟု DSEZ ဧရိယာမှ ဒေသခံတစ်ဦးက ပြောသည် ။
သက်တော် ၄၀အရွယ် အဆိုပါရဟန်းကို လူဝတ်လဲ၍ စစ်အာဏာရှင်တပ်က ပစ်သတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“လူဝတ်လဲပြီးမှ ပစ်သတ်ခဲ့တာ။ ပစ်သတ်ခံရတာ ဇူလိုင် ၁၅ ရက်ဝန်းကျင်ပဲ၊ ရွာသားတွေပြေးနေရတဲ့ အချိန်ပေါ့။ ပစ်သတ်ပြီး ကျောင်းဝင်းထဲမှာပဲ မြေမြှုပ်ခဲ့တာ။ သူတို့ (စစ်အာဏာရှင်တပ်) တွေ ပြန်ထွက်မှ ရွာသားတွေက ပြန်တူးပြီး သုသာန်မှာပြန်သင်္ဂြိုဟ်ပေးလိုက်ရတယ်” ဟု ပြန်သင်္ဂြိုဟ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။
ဇူလိုင်လ ၉ ရက်မှစ၍ ရေနက်ဆိပ်ကမ်းဧရိယာ တည်ရှိသည့် ရေဖြူမြို့နယ် နှင့် နယ်မြေဆက်စပ်သည့် လောင်းလုံးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးနေဆဲဖြစ်သည့် စစ်အာဏာရှင်တပ်သည် ရဟန်းတစ်ပါး၊ ဒေသခံတစ်ဦး ၊ The Ants Tanintharyi အဖွဲ့ လူငယ်သုံးဦးနှင့် နောက်ထပ်လူငယ်တစ်ဦး စုစုပေါင်း အရပ်သားခြောက်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်း မှတ်တမ်းများအရသိရသည် ။
စစ်အာဏာရှင်တပ်သည် ရေနက်ဆိပ်ကမ်းဧရိယာတွင် ဆက်ရှိနေဆဲဖြစ်ပြီး လောင်းလုံး နှင့် ရေဖြူ နှစ်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။







