မြန်မာနိုင်ငံ ရွှေသတ္တုတွင်းလုပ်ငန်းများကြောင့် ထိုင်းမြောက်ပိုင်းရှိ မြစ်ရေများ ညစ်ညမ်းလာနေသည်ကို အမြန်ဆုံး ဖြေရှင်းပေးရေး ချင်မိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၁၁ နာရီခန့်က ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် မြစ်များကို ကာကွယ်လိုသော တက်ကြွသူ ထိုင်းနှင့် မြန်မာနိုင်ငံသားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ရွှေတူးဖော်ရေးလုပ်ငန်းများက စည်းကမ်းမဲ့ စွန့်ထုတ်လိုက်သော ဓာတုပစ္စည်းများကြောင့် ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် မြစ်ရေညစ်ညမ်းမှုများ ဖြစ်ပေါ်လာနေမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိတ်ဖွင့်ပေးစာ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။






မြစ်ရေညစ်ညမ်းမှုကြောင့် ဒေသခံပြည်သူအများစု ကျန်းမာရေး ထိခိုက်မှုနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး သောက်၊သုံးရေများကို ပြည်သူလူထုအများစု ယုံယုံကြည်ကြည်အသုံးမပြုနိုင်တော့သဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြသူများသည် ချင်းမိုင်မြို့ စမ်တင်ထမ်ဘုန်းကြီကျောင်းမှတစ်ဆင့် မြန်မာကောင်စစ်ဝန်ရုံးရှေ့သို့ စုရုံးဆန္ဒပြခဲ့ကြပြီး “သတ္တုတွင်းများ ရပ်တန့်ပေး”၊ “စစ်အာဏာရှင် ရပ်တန့်ပေး”၊ “ငါတို့မြစ် ပြန်ပေး” စသော ဆိုင်းဘုတ်များကိုင်၍ ဆန္ဒပြခဲ့ကြောင်း ဖော်ပြသည်။
ဆန္ဒပြပွဲတွင် ထိုင်းမြောက်ပိုင်း ကုတ်မြစ်မှ ခပ်ယူလာသော ရေနမူနာများကိုလည်း ပြသခဲ့ကြသည်။
မြစ်ရေညစ်ညမ်းမှုကြောင့် ထိုင်းပြည်သူ ၁၂၀,၀၀၀ ခန့် သုံးရေအခက်အခဲဖြစ်နေပြီး ငါးဖမ်းသမားနှင့် လယ်သမားများလည်း အခက်အခဲများကြုံတွေ့နေရကြောင်း ဆန္ဒပြသူများက ထောက်ပြခဲ့သည်။
Ref: Chiang Mai News, Thai PBS







