ထားဝယ်မြို့တွင် ဇူလိုင်လနောက်ဆုံးအပတ်က စားသောက်ဆိုင်၊ ကုန်စုံဆိုင်ဝန်ထမ်း သုံးဦး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြို့ခံများက ပြောသည်။
ဒေါင်းငူနှင့် ဇရစ်ရပ်ကွက်တို့တွင် ဖွင့်ထားသည့် စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်တို့က ဝန်ထမ်းအမျိုးသားသုံးဦးကို ညဘက် ဆိုင်များအတွင်းဝင်ရောက်ကာ အဓမ္မ စစ်မှုထမ်း စုဆောင်းသွားကြောင်း မျက်မြင်တွေ့ရသည့် အဆိုပါ ရပ်ကွက်နေသူများက ဆိုသည်။
“စားသောက်ဆိုင်မှာက နှစ်ယောက်၊ ကုန်စုံဆိုင်မှာက တစ်ယောက် (စစ်မှုထမ်း) ပါသွားတယ်။ ညဘက် အိပ်နေတဲ့ နေရာဝင်ခေါ်သွားတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။
စစ်မှုထမ်း စုဆောင်းခံရသူသုံးဦးသည် ထားဝယ်မြို့ခံများမဟုတ်ဘဲ အခြားနေရာမှ လာရောက် အလုပ်လုပ်နေသူများဖြစ်ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားဂိတ်တွင်လည်း လူငယ် ၁၀ဦးဆက်မနည်းကိုလည်းကောင်း၊ သရက်ချောင်းမြို့တွင်လည်း လူငယ်သုံးဦး ထက်မနည်းကိုလည်းကောင်း အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့ကြောင်း Dawei Watch က သတင်းမှတ်တမ်းများအရ သိရသည်။
စစ်မှုထမ်းစုဆောင်းခြင်းနှင့် ပတ်သက်၍ စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၂၂ ရက်က ချင်းပြည်နယ် ခန္တီးမြို့နယ်မှ ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက မေးမြန်းရာတွင် စစ်အစိုးရ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက စစ်မှုထမ်း တိမ်းရှောင်သူများကြောင့် ယခုကဲ့သို့ အဓမ္မစစ်မှုထမ်းစုဆောင်းနေရကြောင်း ဖြေကြားခဲ့သည်။
တိမ်းရှောင်သူများကို သွားရောက်ရာ လမ်းခရီးများတွင် စောင့်ကြည့်ဆင့်ခေါ်ခြင်း၊ နေအိမ်များတွင် ဝင်ရောက် ဆင့်ခေါ်ခြင်းများအား ဆောင်ရွက်သည့်အခါတွင် အများပြည်သူများအမြင်တွင် အဓမ္မဖမ်းဆီးခြင်း သဘောမျိုး ဖြစ်နေသည်ကို တွေ့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။
စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအား ဆေးစစ်ရန် ဆင့်ခေါ်ချိန်တွင် သတင်းပို့ပျက်ကွက်သူများ၏ အမည်စာရင်း ကိုလည်း စစ်ဆေးရေးဂိတ်များနှင့် အုပ်ချုပ်ရေးရုံးများသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မင်းသူ က လွှတ်တော်မှ တစ်ဆင့် ခြိမ်းခြောက်ခဲ့သည် ။
ပုံစာ – တနင်္သာရီ ရေတပ်တွင် ဖွင့်ထားသည့် စစ်မှုထမ်း အပတ်စဥ် ၂၅ မှ သင်တန်းသားများအားတွေ့ရစဥ်။







