ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး ကျောက်ဆင်ငါးရွာအုပ်စုကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

August 3, 2026

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ငါးရွာအုပ်စုကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၇ နာရီခန့်မှစ၍ မောင်းမကန် ပင်လယ်ကမ်းခြေမှ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်းရှိ သဘော့ဆိပ်ကျေးရွာဘက်သို့ ပင်လယ်ကမ်းခြေတစ်လျှောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့က ညက မောင်းမကန်မှာ အိပ်ပြီး ဒီမနက် သဘော့ဆိပ်ဘက်ကို စစ်ကြောင်းထိုးလားတာ။ မနက်ကတော့ (သေနတ်) တစ်ချက် နှစ်ချက် ပစ်သံကြားသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကြောင်းတွင် အင်အားတစ်ရာဝန်းကျင် ခန့်ရှိနိုင်ပြီး ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် မောင်းမကန်ကျေးရွာသို့ စတင်ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းရောက်ရှိလာစဉ် မောင်းမကန်ကျေးရွာရှိ လူနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မောင်းမကန်ကမ်းခြေတွင် စားသောက်ဆိုင်များ၊ လာရောက်လည်ပတ်သူများကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂ ရက် ညတွင် မောင်းမကန် ကမ်းခြေ၌ ညအိပ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပင်လယ်ကမ်းခြေတစ်လျှောက် သဘော့ဆိပ် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်သားအချို့မှာ ယနေ့ မွန်းတည် ၁၂ နာရီဝန်းကျင်တွင် သဘော့ဆိပ်ကျေးရွာဘက်မှ မောင်းမကန်ကျေးရွာဘက်သို့ ပြန် လည်ထွက်ခွာလာသည်ဟုဆိုသော်လည်း မောင်းမကန်ကျေးရွာသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် ကျောက်ဆင်၊ သဘော့ဆိပ် ကျေးရွာတို့မှ ဒေသခံများသည် ယနေ့နံနက်ပိုင်းမှ စ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရသည်။

ကျောက်ဆင်နှင့် သဘော့ဆိပ်ကျေးရွာတို့မှာ မောင်းမကန်ကျေးရွာနှင့် တစ်ဆက်စပ်တည်းရှိ ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်ကလည်း အင်အားတစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းတစ်ကြောင်းသည်လည်း ကျောက်ဆင်ကျေးရွာအုပ်စုသို့ နေ့တစ်ဝက်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သေးသည်။