ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ရုရှားမောင်နှမနှစ်ဦး၊ ထိုင်းမိသားစုဝင်သုံးဦး သတ်ဖြတ်အလောင်းဖျောက်ခံရမှုနှင့် ဆက်စပ်၍ ထိုင်းနိုင်ငံသားတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားကို ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး အထက်ပါအမှုနှစ်ခုနှင့် ပတ်သက်၍ ချွန်ဘူရီခရိုင်ရှိ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေကြောင်း ဆိုသည်။
ရုရှားမောင်နှမသည် ဇူလိုင်လ ၂၆ ရက်က ဆိုင်ကယ်စီးလာစဉ် ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးခဲ့ပြီးနောက် ဇူလိုင်လ ၂၉ ရက်တွင် သတ်ဖြတ်မြေမြှုပ် အလောင်းဖျောက်ခံထားရသည်ကို တွေ့ရှိခဲ့သည်။
၎င်းတို့ကို မြှုပ်နှံထားသည့် နေရာအနီးတွင် ဇူလိုင်လ ၇ ရက်ကတည်းက ပျောက်ဆုံးနေသော ထိုင်းမိသားစုဝင်သုံးဦး၏ အလောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ရပြီးနောက် လူအများကြား စိုးရိမ်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အမှုနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး၍ ညွှန်ကြားထားသည်။
လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ လေးဦးရှိနိုင်သည်ဟု ရဲတပ်ဖွဲ့ဝင်က ပြောခဲ့ပြီးနောက် ဇူလိုင်လ ၃၁ ရက် ညနေပိုင်းက အသက် ၄၃ နှစ်အရွယ် Pong နှင့် ၃၉ နှစ်အရွယ် Thong တို့ နှစ်ဦးကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စကဲဝိုခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးအနက် Pong သည် လူသတ်ရန် ကြိုးပမ်းမှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ထောင်ဒဏ် ခုနစ်နှစ်၊ ခုနစ်လကျော် ကျခံခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သော ဇွန်လ ၅ ရက်ကမှ ပြန်လွတ်လာသူဖြစ်သည်။
ထောင်မှပြန်လွတ်ပြီးနောက် ၎င်းကို စောင့်ကြည့်ကာလ နှစ်နှစ်သတ်မှတ်ထားပြီး သုံးလတစ်ကြိမ် အာဏာပိုင်များထံ သတင်းပို့တိုင်ကြားရန် ညွှန်ကြားထားစဉ် လူသတ်မှု ထပ်မံ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၂ ရက်တွင် Fluke အမည်ရှိ ထိုင်းလူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထောင်သို့ မပို့မီ ယနေ့တွင် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ကြောင်း ဖော်ပြသည်။
Fluke သည် ထိုင်းမိသားစုဝင် သုံးဦးအမှုအတွက် ဝန်ခံခဲ့ပြီး ရုရှားမောင်နှမ အသတ်ခံရမှုနှင့် မသက်ဆိုင်ဟု ငြင်းဆိုထားကြောင်း ရှေ့နေက ပြောသည်။ Fluke သည် ထိုင်းမိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့စဉ် ပါဝင်ပတ်သက်ခဲ့ဖူးပြီး ယင်းမိသားစုဝင် သုံးဦး အသတ်ခံရသည့်ဖြစ်စဉ်ကိုမူ မသိရှိဟု ထွက်ဆိုထားကြောင်း ဆိုသည်။
အမှုတွင် ပါဝင်ခဲ့သူများက သတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် အမှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ မတိုင်ကြားနိုင်ခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်း၏ ဝန်ခံချက်များနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားဆဲဖြစ်ပြီး သက်သေများကို စုစည်းကာ အမှုမှန် ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod, Bangkok Post, The Thaiger







