ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖူးခက်မှ နယူးဒေလီသို့သွားသည့် လေယာဉ် လေထုမငြိမ်မသက်မှုနှင့် ကြုံပြီး ခရီးသည်များ ဒဏ်ရာရ

August 5, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပျံသန်းသော Air India လေကြောင်းလိုင်းပိုင် လေယာဉ်သည် လေထုမငြိမ်မသက်မှုနှင့် ကြုံတွေ့ရပြီး ခရီးသည် ၂၀ နီးပါးအထိ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

လေယာဉ်သည် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပျံသန်းခဲ့ပြီး နှစ်နာရီခန့်အကြာ ၁၀ နာရီခွဲခန့်တွင် လေထုမငြိမ်မသက်မှု (turbulence) ကို ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန် လေယာဉ်သည် ပေ ၃၀၀ ခန့် ရုတ်တရက် နိမ့်ဆင်းသွားခဲ့ပြီး လေယာဉ်အတွင်း ၃ မိနစ်ခန့်ကြာအောင် တုန်ခါမှု ပြင်းထန်ခဲ့ကြောင်း၊ ခရီးသည်အများစုသည် ထိုင်ခုံနေရာမှ မြောက်တက်၍ လေယာဉ်မျက်နှာကျက်နှင့် ထိခိုက်မိခဲ့ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ သေပြီထင်တာ တုန်ပြီး ငိုပဲ ငိုနေရတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။ အခုထိ နားက ကောင်းကောင်း မကြားနိုင်သေးဘူး” ဟု ခရီးသည်တစ်ဦးက အိန္ဒိယသတင်းဌာကို ပြောသည်။

မတော်တဆမှုကြောင့် လေယာဉ်ဝန်ထမ်း ၄ ဦးအပါအဝင် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက် ၁ ဦးက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၃၇ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါလာပြီး ခရီးသည်များအနက် ရင်ခွင်ပိုက်ကလေးငယ် ၃ ဦး ပါဝင်သည်။

လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီကျော်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များကို အရေးပေါ်ကားများဖြင့် ဆေးရုံများသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ref: CNA, New India Express, Times of India