ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဆယ်နှစ်ခံကတ်ဟု လူသိများသော တောင်ပေါ်သားကတ်များကို မမှန်မကန် ထုတ်ပေးသူ၊ အလွဲသုံးစားလုပ်သူများကို ထိုင်းရဲတပ်ဖွဲ့ဝင် ရာနှင့်ချီအသုံးပြုကာ လိုက်လံဖမ်းဆီးနေသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းမှစတင်ပြီး မဲဆောက်မြို့၏ နေရာ ၂၅ နေရာတွင် ရဲတပ်ဖွဲ့ဝင် ၁၃၀ ကျော်က လိုက်လံစစ်ဆေး ဖမ်းဆီးနေကြောင်း မဲဆောက်ပြန်ကြားရေးဌာနနှင့် မြန်မာနိုင်ငံသားများထံမှ သိရသည်။
ဆယ်နှစ်ခံကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင် မရှိသေးသော တိုင်းရင်းသားများကို နေထိုင်ခွင့် ရရှိစေရန် ထုတ်ပေးထားသည့် သက်သေခံလက်မှတ် ဖြစ်သည်။
အမှုနှင့် ပတ်သက်၍ နေရာနှစ်ခုကို ဝရမ်းဖြင့် ရှာဖွေမည်ဖြစ်ကာ စည်ပင်သာယာရေးဌာနက ဝန်ထမ်းဟောင်းတစ်ဦး၊ လက်ရှိဝန်ထမ်းနှင့် မြန်မာနိုင်ငံသားများကို ရှာဖွေဖမ်းဆီးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
လက်ရှိအချိန်အထိ ထိုင်းအစိုးရဝန်ထမ်း သုံးဦး၊ အိမ်ပိုင်ရှင် နှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးရမိထားကြောင်း ဖော်ပြသည်။
ဆယ်နှစ်ခံကတ်သည် နိုင်ငံသားမှတ်ပုံတင်ကတ် လုံးဝမရှိသူများကို ထုတ်ပေးထားသော ကတ်ဖြစ်ပြီး မြန်မာနိုင်ငံသား ၁၂ ဦး၏ လက်ဗွေများကို စစ်ဆေးလိုက်ရာ မြန်မာနိုင်ငံကူးလက်မှတ် ရှိပြီးသူများ ဖြစ်နေကြောင်း ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်နှင့် ဆယ်နှစ်ခံကတ်များကို နှစ်ခုကိုင်ဆောင် ထားသူများဖြစ်သဖြင့် ဥပဒေအရ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိအချိန်အထိ ဆယ်နှစ်ခံကတ် ၇၀၀ ကျော်အထိ ထုတ်ပေးထားပြီး ကတ်တန်ဖိုးသည် ဘတ်လေးသောင်းမှ တစ်သိန်းအထိ ဈေးပေါက်နေကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် မဲဆောက်မြို့ထဲ ရဲတပ်ဖွဲ့ဝင်များ အင်အားများစွာ ချထားပြီး စစ်ဆေးဖမ်းဆီးမှုများနေသဖြင့် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြရန် မဲဆောက်နေ မြန်မာနိုင်ငံသားများက တိုက်တွန်းထားသည်။
“မဆိုင်တဲ့ နေရာတွေ မသွားဖို့နဲ့ လူကြားသူကြားထဲ မြန်မာအသံနဲ့ ကျယ်ကျယ်မပြောဖို့။ နောက် ဖမ်းဆီးတဲ့နေရာတွေ သွားမကြည့်ဖို့။ ဖြစ်လာရင် သေချာဖြေရှင်းပြီး အထောက်အထား စုံစုံလင်လင်ပြဖို့ သတိပေးပါတယ်” ဟု မဲဆောက်နေ မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
မဲဆောက်မြို့တွင် ဆယ်နှစ်ခံကတ်ကို အလွဲသုံးစား ရယူထားသူများ၊ ငွေကြေးရယူပြီး ဆယ်နှစ်ခံကတ် ထုတ်ပေး ထားသူများကို ဖမ်းဆီးရန် စီမံချက်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
စီမံချက်တွင် လဝက၊ အကြမ်းဖက်နှိမ်နှင်းရေးဌာန၊ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: The Reporters







