ထားဝယ်အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေပြီး အိမ်နှစ်လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၅ ရက်တွင် ဥယျာဉ်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး နေအိမ်နှစ်လုံးကို မီးရှို့သည့်အပြင် ဒေသခံများ ဝယ်ယူစုဆောင်းထားသည့် ဒီဇယ် ပီပါများနှင့် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
“ဒီနေ့ (ဩဂုတ် ၇) လည်း စစ်ကြောင်းထပ်ဝင်နေတယ်။ ဆီ ပီပါတွေ ထပ်သယ်နေတယ်လို့ပြောတယ်” ဟု ဥယျာဉ်ကြီးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဒေသခံများသည် ခဲသတ္တုလုပ်ကွက်တွင် အသုံးပြုရန် ဒီဇယ်များကို ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“(ဩဂုတ်) ၅ ရက်နေ့က ဆီ ပီပါ တစ်ဆယ်လောက်ရှိမယ်၊ Vigo ကားနှစ်စီးအပြည့်ပဲ။ ဒီနေ့လည်း ဆီ ပီပါ တစ်ရာကျော်တယ်လို့ပြောတယ်၊ သယ်ထုတ်နေကြတယ်တဲ့” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းစထိုးသည့် ဩဂုတ်လ ၅ ရက်က အမျိုးသား လေးဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ မသိရသေးကြေင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် ဥယျာဉ်ကြီး၊ အညာဖျားရွာက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင် နေရပြီး အချို့မှာ ဆက်လက်နေထိုင်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဥယျာဉ်ကြီးကျေးရွာသည် ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။







