ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်‌ခုဖြင့် လောင်းလုံးအောက်ဘက်သို့ စစ်ကြောင်းထိုး

August 7, 2026

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်အောက်ဘက်သို့ဦးတည်ပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၆ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စစ်ကြောင်းတစ်ကြောင်းသည် ပင်လယ်ကမ်းခြေရွာ တစ်ရွာဖြစ်သော တီဇစ်ကျေးရွာသို့ ရောက်ရှိလာခဲ့သဖြင့် ဒေသခံများ ထွက်ပြေးရကြောင်း ဒေသခံများက ဆိုသည်။

“ရွာသားတချို့လည်း ဖမ်းထားတယ်တဲ့။ ဒီမနက်အထိ ရွာထဲမှာ (စစ်အာဏာရှင်တပ်) ရှိနေတုန်းဆိုတော့ ဘာမှတိတိကျကျ စုံစမ်းလို့ မရသေးဘူး” ဟု တိမ်းရှောင်နေသည့် တီဇစ်ရွာသူတစ်ဦးက ယနေ့နံနက် ၈ နာရီတွင် ပြောသည်။

တချိန်တည်းတွင် အခြားစစ်ကြောင်းတစ်ကြောင်းမှာလည်း ထားဝယ်-ရှင်မော် ကားလမ်းမအတိုင်း ဆင်းလာကာ ဩဂုတ်လ ၆ ရက်က မင်းရပ်ကျေးရွာ၌ မွှေနောက်ပြီး ညအိပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာထဲက အိမ်တွေရိုက်ဖျက်ခံရတာရှိတယ်။ ဆိုင်ကယ်တွေလည်း ယူသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အိမ်မည်မျှ ရိုက်ဖျက်ခံရပြီး ဆိုင်ကယ်အစီးရေ မည်မျှယူဆောင်သွားသည်ကိုမူ အသေးစိတ် မေးမြန်းှု မရသေးပေ။

စစ်အာဏာရှင်တပ်သည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင်မူ မင်းရပ်ကျေးရွာမှ လောင်းလုံးမြို့ဘက်သို့ ဦးတည် ဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများရှိလာဖြင့် လောင်းလုံးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံများမှာ မိုးကြီး၊ လေကြီးထဲ စစ်ဘေးရှောင်ရမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

လောင်းလုံးမြို့အနီးဝန်းကျင်ကျေးရွာများသည် စစ်အစိုးရအဖွဲ့ ဖွဲ့စည်းသည့် ဧပြီလကတည်းက မကြာခဏ စစ်ကြောင်းထိုးခံနေရသဖြင့် လနှင့်ချီကြာ စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများဖြစ်သည်။