ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း-ထားဝယ် လိုင်းကားဆွဲနေသည့် သားအဖနှစ်ဦး ဖမ်းဆီးခံရ

August 6, 2026

သရက်ချောင်း-ထားဝယ် လိုင်းကားပြေးဆွဲနေသည့် သားအဖနှစ်ဦး ဩဂုတ်လ ၂ ရက်နေ့တွင် လက်နက်ကိုင်ထားသူအချို့က ဖမ်းဆီးခဲ့ပြီး ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်တွင် နေထိုင်သည် အဆိုပါသားအဖသည် လိုင်းကားပြေးဆွဲနေချိန် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူသားအဖနှင့် ရင်းနှီးသူ သရက်ချောင်းမြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ဖခင်ဖြစ်သူမှာ အသက် ၇၀ အရွယ် ဦးလှသိန်းဖြစ်ပြီး သရက်ချောင်း-ထားဝယ် လိုင်းကားအသင်း ဥက္ကဋ္ဌဖြစ်ကာ သားဖြစ်သူမှာ အသက် ၄၃နှစ်အရွယ် ဦးသိန်းဇော်ဦးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သရက်ချောင်း-ထားဝယ် လမ်းပိုင်းရှိ ရန်တောင်နှင့် ညောင်ဇင်ရွာကြားက တောက်ထိန်တောင် (တောထီတောင်) ဘုရားတောင်အနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရန်တောင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အထက်ပါ သရက်ချောင်းမြို့ခံ အမျိုးသမီးကလည်း “ဖမ်းတာက တောထီတောင်ခြေမှာ ဖမ်းတာလို့ပြောတယ်။ ကားပေါ်ပါတဲ့ ခရီးသည်တွေကို တခြားကားနဲ့ ထည့်လိုက်ပြီး သူတို့ သားအဖကိုတော့ ကားရော၊ လူရော ဖမ်းသွားတယ်” ဟု ဆိုသည်။

လက်နက်ကိုင်ထားသူအချို့က ဖမ်းဆီးသွားသည်ဟုသာ သိရှိရပြီး မည်သူတို့က မည်သည့် အကြောင်းရင်းကြောင့် ဖမ်းဆီးသွားသည်ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ သားအဖ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) ၏ တပ်ရင်းမှူးကို မေးမြန်းရာ ၎င်းတို့ တပ်ဖွဲ့က ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း တပ်ရင်းမှူးထံလည်း Dawei Watch က စာဖြင့် မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးသဖြင့် မသိရသေးပေ။