ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာကို လက်နက်ကြီးပစ်ပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းထိုး

August 6, 2026

ရေဖြူမြို့နယ်၊ မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာကို သြဂုတ်လ ၅ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ပြီး လတ်တလောတွင် စစ်ကြောင်းသည် ရာဖူးရွာနှင့် မလွှဲတောင်ကြားရှိ ကျေးရွာများဖြစ်သည့် ကျွဲတလင်း၊ အလယ်စခန်း စသည်တို့တွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် မလွှဲတောင်လမ်းပိုင်းကို အင်အားရာဂဏန်းဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကနဦးတွင် ရာဖူးရွာ၌ အင်အားတစ်ရာခန့်ဖြင့် နေရာယူထားပြီး နောက်ပိုင်းတွင် အင်အားထပ်တိုးလာသဖြင့် ဒေသခံများအနေဖြင့် အခြေအနေစောင့်ကြည့်နေရကြောင်း ၎င်းတို့က ဆိုသည်။

“ထွက်ပြေးတိမ်းရှောင်တာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ကျောက်ကဒင်မှာ လူငါးယောက်ကို ဖမ်းစစ်တာမျိုးရှိတော့ နည်းနည်းတော့လန့်ပြီး အခြေအနေစောင့်ကြည့်နေကြတယ်” ဟု ရာဖူးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ကဒင်ကျေးရွာသား ငါးဦးကို သြဂုတ်လ ၁ ရက်တွင် စစ်အာဏာရှင်တပ်က နေအိမ်များတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းရှိနေသည့် ကာလတစ်လျှောက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်ကြိမ်နှင့် စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်မှု နှစ်ကြိမ်ရှိခဲ့ကြောင်း အဆိုပါလမ်းပိုင်း၌ စစ်ရေးလှုပ်ရှားနေသော မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးမဟာမိတ်မှ တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“(စစ်အာဏာရှင်တပ်) အင်အားကတော့ နှစ်ရာဝန်းကျင်လောက်ရှိတယ်။ လမ်းမပေါ်မှာ အကုန်မနေဘဲ အိမ်တွေမှာ လိုက်နေ တာနဲ့ တောတွေထဲမှာ နေကြတာလည်းရှိတယ်။ ရာဖူးနဲ့ မလွှဲတောင်ကြားမှာ စစ်ကြောင်းပြန်ထိုးလာနေတာ ၁၀ ရက် ဝန်းကျင်ရှိပြီ။ ထိတွေ့ပစ်ခတ်မှုကတော့ တစ်ကြိမ်ရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။

မလွှဲတောင်လမ်းပိုင်း၌ စစ်အာဏာရှင်တပ် သွားလာမှုရှိနေသော်လည်း ရန်ကုန်-ထားဝယ် လမ်းတွင်မူ အသွားအလာ ပုံမှန်ရှိနေဆဲဖြစ်ကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လက စစ်အာဏာရှင်တပ် ဒုတပ်ချုပ်၏ မြိတ်ခရီးစဥ်၌ ပြည်ထောင်စုကားလမ်းမ ရေး-ထားဝယ်-မြိတ်-ကော့သောင်း ပြန်လည်ရရှိရေး ညွှန်ကြားချက်ကြောင့် တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စုလမ်းပိုင်းရှိ ကျေးရွာများ စစ်ကြောင်းထိုးခံရခြင်းအပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် လေကြောင်းတိုက်ခံရမှုများ ပြန်ဖြစ်လာသည်။