ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စမ်းလှမ်းရွာ ဓားပြတိုက်မူ ကျူးလွန်သူလေးဦးကို ဖမ်းမိ၊ ငွေကြေးလက်ခံသူကို မဖမ်းမိသေး

August 5, 2026

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် ဇူလိုင်လ ၃၀ရက်က ဖြစ်ပွားသည့် ဓားပြတိုက်မှုတွင် ကျူးလွန်သူ လေးဦးအား ဖမ်းမိထားပြီးဖြစ်သော်လည်း ငွေကြေးလက်ခံသူတစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ထံမှ သိရသည်။

ဓားပြတိုက်သူလေးဦးမှာ အသက် ၄၀ ကျော်အရွယ်၊ အသက် ၃၀ ကျော်အရွယ်နှင့် အသက် ၂၀ ကျော်အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း (သံမဏိလိပ်ပြာတပ်ခွဲ) က ဇူလိုင်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း ပလဖ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိပြီးနောက် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံသို့ လွှဲပြောင်းထားကြောင်း ၎င်းက ဆိုသည်။

ဓားပြတိုက်ရန် ဦးဆောင်သူမှာ‌ ထောက်ပို့တစ်ဦးဖြစ်ပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ခြောက်လုံးပြူးသေနတ် တစ်လက်ကိုလည်း တော်လှန်ရေးအဖွဲ့အစည်းတစ်ခုထံမှတစ်ဆင့် နယ်စပ်တွင် ၎င်းကိုယ်ပိုင် ပိုက်ဆံဖြင့် ဝယ်ယူထားခြင်း ဖြစ်ကြောင်း ပလဖ တာဝန်ရှိသူက ပြောဆိုသည်။

“ဦးဆောင်တဲ့သူက ထောက်ပို့ပုံစံနဲ့ သွားနေတာပေါ့။ ထောက်ပို့ပုံစံမျိုးသွားတော့ အန္တရာယ်များလို့ သေနတ်ထုတ်ပေးထားတဲ့ ပုံစံမျိုး ရှိတယ်။ (သေနတ်ကို) ဝယ်ထားတာကတော့ သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ဝယ်ထားတာပေါ့။ အခု အဲဒီသေနတ်ကလည်း (တော်လှန်ရေး) အဖွဲ့အစည်းတစ်ခုလက်ထဲကို ရောက်နေတာပေါ့နော်။ အဲဒါကိုလည်း ကျွန်တော်တို့ ချိတ်ဆက်ပြီး လက်ခံဖို့ရှိပါတယ်“ ဟု ၎င်းက ပြောသည်။

ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် သေနတ်နှင့် ဆက်စပ်သည့် တော်လှန်ရေးအဖွဲ့မှာ မည်သည့်အဖွဲ့ ဖြစ်သည်ကိုမူ ပလဖ တာဝန်ရှိသူက ထုတ်ဖော်‌ပြောဆိုခြင်း မရှိပေ။

ဓားပြတိုက်ရာတွင် ရွှေထည်၊ ငွေကြေးနှင့် မူးယစ်ဆေးဝါးများပါသွားခဲ့ပြီး ယင်းတို့အနက် ငွေကျပ်ငါးသိန်းနှင့် မူးယစ် ဆေးဝါး ၂၃၀ ပြား၊ ဖုန်းလေးလုံးကို သိမ်းဆည်းရမိခဲ့သော်လည်း ကျန်ပစ္စည်းများကို လက်ခံထားသူမှာမူ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း ပလဖ တာဝန်ရှိသူက ပြောဆိုသည်။

လွတ်မြောက်နေသူကိုလည်း ဖမ်းဆီးရမိရန် ‌ဆက်လက်ဆောင်ရွက်နေကြောင်း ဆိုသည်။

လတ်တလောတွင် ဓားပြတိုက်သူအဖွဲ့တွင် လူငါးဦးပါဝင်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ ဓားပြအမှုအဖြင့် အမှုဖွင့်အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ပလဖ ထံမှ သိရသည်။

ပုဒ်မ ၃၉၅ မှာ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ယင်းအပြင် ဓားပြတိုက်ခံရသည့် နေအိမ်ပိုင်ရှင်မှာ မူးယစ်ဆေးဝါး ရောင်းချနေသူဖြစ်ပြီး ၎င်းကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ကြောင်း ပလဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓားပြတိုက်သူတို့မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်ကြပြီး ၎င်းတို့အနက် တစ်ဦးမှာ ရွာရှိသင်္ချိုင်းကုန်းတွင် ကင်းစောင့်ရန် ချန်ထားခဲ့ပြီး ကျန်သုံးဦးမှာ ပုဆိုး၊ အဝတ်၊ မိုးကာတို့ဖြင့် ပုံဖျက်ကာ သေနတ်ပြခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့ကြောင်း ဆိုသည်။

ဒေသခံများမှာ ဓားပြတိုက်မှုဖြစ်ပွားသည့်နေ့ကတည်းက ဓားပြတိုက်သူများကို မည်သူ၊ မည်ဝါဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြပြီး ရွာသားများစုပေါင်းကာ ဖမ်းဆီးရန် စီစဉ်ခဲ့သေးသည်။

“သေနတ်ရှိလို့ ဓားပြတိုက်တဲ့အထိ လုပ်ရဲတာ။ အဲဒီသေနတ်ကို ထုတ်ပေးတဲ့အဖွဲ့ကိုလည်း အရေးယူဖို့လိုမယ်“ လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသည့် စမ်းလှမ်းဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကိုလည်း သူ့လူ၊ ကိုယ့်လူ မခွဲဘဲ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

စမ်းလှမ်းကျေးရွာသည် ရေလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး လောင်းလုံးမြို့မှ ငါးမိုင်အခန့်အကွာတွင်တည်ရှိကာ ရွာထိပ်ရှိ လက်ခတ်တောင်တွင် စစ်အာဏာရှင်တပ်က တပ်စွဲထားသည်။

Dawei Watch ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်မှု အနည်း‌ဆုံး ခြောက်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။