ရေဖြူမြို့နယ်၊ မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မလွှဲတောင်အနီးရှိ အလယ်စခန်းရွာမှ ကလိန်အောင်မြို့ဘက်သို့ ပြန်ဆင်းလာသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ကျေးရွာအပြင်ဘက်ရှိ ရော်ဘာခြံများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“လက်နက်ကြီးက အထိုင်ကနေပစ်တာ မဟုတ်ဘူး။ ခြေလျင် စစ်ကြောင်းမှာတောင် ပစ်တဲ့ပြောင်း (လက်နက်ကြီး) တွေ တစ်ခါတည်းထမ်းပြီးပါနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ရော်ဘာခြံလုပ်သား အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရသည်ဟု သိရပြီး နောက်ဆက်တွဲ အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။
ကျွဲတလင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းကို ရေးဘီလူးတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၂၇) တို့က ပူးပေါင်းကာ ကြားဖြတ်တိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရကြောင်း ရေးဘီလူးတပ်ဖွဲ့က ယနေ့ သြဂုတ်လ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲအခြေအနေကို အသေးစိတ်မေးမြန်းနိုင်ရန် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်များထံ ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်အာဏာရှင်တပ်သည် မလွှဲတောင်လမ်းပိုင်းတွင် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ စစ်အင်အားတိုးချဲ့ကာ အင်အားနှစ်ရာခန့်ဖြင့် ရွာစဥ်လှည့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ရှိခဲ့သည်။







