ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လူရာမဝင်တဲ့ စစ်အုပ်စုရဲ့ စျေးဗန်းထဲက တနင်္သာရီစီမံကိန်းများ

August 22, 2026

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ စီမံကိန်းကြီးများ လုပ်ခွင့်ရဖို့အရေး နိုင်ငံတကာ ကုမ္ပဏီကြီးများက အပြိုင်အဆိုင်ကြိုးပမ်းလာကြသည်။

အာဏာသိမ်းစစ်အုပ်စုကို ဒီမိုကရေစီနိုင်ငံကြီးများက ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ထားသလို အာဆီယံ၊ UN (ကုလသမဂ္ဂ)ကဲ့သို့ အဖွဲ့အစည်းကြီးများကလည်း တရားဝင်မှု မပေး။ ယင်းသို့ စစ်အုပ်စုက လူရာမဝင်ဖြစ်နေချိန်တွင် စီမံကိန်းကြီးများကို အချောင်စျေးဖြင့် ရမည်ဖြစ်၍လည်း ယင်းကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

စစ်အုပ်စုက တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၊ ထားဝယ်-ထီးခီးစင်္ကြံလမ်းစီမံကိန်းများက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသလို ပုစွန်မွေးမြူရေးလုပ်ငန်း၊ ပုလဲမွေးမြူရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်ရှိနေသည်။

ထို့အပြင် အိန္ဒိယနိုင်ငံကလည်း ဆိပ်ကမ်းစီမံကိန်းလုပ်ရန် စိတ်ဝင်စားမှုမြင့်နေပြီး အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယသံအမတ်က တနင်္သာရီတိုင်းအတွင်းသို့ အခေါက်ခေါက်အခါခါ ရောက်နေသည်။

စစ်တပ်က အာဏာသိမ်းထားပြီး အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့်နိုင်ငံ၊ ပြည်သူများကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့်နိုင်ငံတွင် မည်သို့သောကုမ္ပဏီများ၊ နိုင်ငံများက လာရောက်ရင်းနှီးမြှုပ်လိုကြသနည်း။

မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်သော နိုင်ငံခြားကုမ္ပဏီကြီးများအကြောင်းကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နွေဦးလီလီနှင့် ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ပါသည်။

Blood Money Campaign လို့ခေါ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ နိုင်ငံတကာဝင်ငွေများ မြန်မာစစ်အုပ်စုထံ မရောက်ရှိစေရေးနှင့် နိုင်ငံတကာမှ လက်နက်၊ လေယာဉ်ဆီ ထောက်ပံ့မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာအစိုးရများနှင့် ကုမ္ပဏီများကို စည်းရုံးတိုက်တွန်း လှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။

DW။ စစ်တပ်က အာဏာသိမ်းထားပြီးတော့ အာဏာရှင်စနစ်နဲ့ သွားနေတဲ့ မြန်မာနိုင်ငံမှာ အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာက ဘာကြောင့်လို့ ယူဆတာလဲ။

နွေဦးလီလီ။ ကျွန်တော်တို့ အလုပ်အတွေ့အကြုံအရ ကျွန်တော်တို့ ဒီ campaign advocacy ( လှုပ်ရှားမှုတွေ စည်းရုံးလှုံဆော်မှုတွေ တိုက်တွန်းတာတွေ ) လုပ်တဲ့အခါမှာ အတွေ့အကြုံအရ သိရတဲ့ဟာပေါ့နော်။ ဘာလဲဆို ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီတွေက သွားပြီး အလုပ်လုပ်တာနဲ့ ဒီမိုကရေစီအားနည်းတဲ့ နိုင်ငံတွေ နဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးတယ်ဆိုတဲ့နိုင်ငံတွေမှာ သူတို့အလုပ်လုပ်တယ်ဆိုရင် သူတို့ရဲ့ ဒီ business (စီးပွားရေး)၊ ဒီ profit (အမြတ်) တွေက ပိုပြီးတော့ အကျိုးအမြတ် အများကြီးရတယ်။ လူ့အခွင့်အရေးတွေ ဘာတွေလည်း သူတို့အများကြီး သိပ်ဂရုစိုက်စရာ မလိုဘူး။

အခု ကျွန်တော်တို့ နိုင်ငံကို စစ်အုပ်စုက လက်နက်နဲ့ အာဏာကို လုယူထားတာလေနော်။ အာဏာသိမ်းထားတယ် လုထားတယ်။ လူထုရဲ့ သဘောထားဆန္ဒမပါဘဲနဲ့ သူတို့သည် ဆက်ပြီးတော့ တိုင်းပြည်ကို control (ထိန်းချုပ်) လုပ်နေတယ်။ ဒါတွေကိုသိလျက်နဲ့ စီးပွားရေးသမားတွေက ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်ပါတယ်။
တကယ်ဆိုရင် multinational companies (နိုင်ငံစုံမှ ကုမ္ပဏီများ) တွေဆိုတာက business and human rights(စီးပွားရေးနဲ့ လူ့အခွင့်အရေး) ကို လိုက်နာရမှာဖြစ်တယ်။

သူတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ရဘူး။ သူတို့သည် ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာ ဒီဒေသ ဒီနယ်ပယ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာတွေကို အရင်လေ့လာရမှာဖြစ်တယ်။ ဒါတွေက အခြေခံလိုက်နာရမယ့် ကျင့်ဝတ်တွေဖြစ်တယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးကို ကုမ္ပဏီ corporate (ကော်ပိုရိတ်) အကြီးတွေ အရင်းရှင်နိုင်ငံ အရင်းရှင်ကုမ္ပဏီတွေက မကြည့်ဘူး။ သူတို့အကျိုးအမြတ်တစ်ခုပဲ ကြည့်တယ်။ သူတို့ရဲ့ အတောမသတ်တဲ့ ဒီ အကျိုးအမြတ်တွေကနေပဲတစ်ဆင့် အကြမ်းဖက်မှုတွေ ဖြစ်တယ်။ အဲတော့ မြန်မာနိုင်ငံမှာ အခုလိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဝင်လာတာ ဘာကြောင့်လို့ ယူဆလဲဆို နှစ်ခုရှိတယ်။

တစ်ခုက စစ်အုပ်စုကကျတော့ သူက နိုင်ငံရေးအရ legitimacy (တရားဝင်မှု) မရနေဘူး။ လက်ရှိမှာ အာဆီယံကလည်း သူ့ကို legitimacy မပေးဘူး။ UN (ကုလသမဂ္ဂ)ကလည်း တရားဝင်မှု မပေးထားဘူး။ အဲဒီအတွက် သူသည် စီးပွားရေးကနေ legitimacy(တရားဝင်မှု) ယူတာဖြစ်တယ်။ အဲဒါကြောင့် ကျတော်တို့ ဆိုရင် campaign (လှုပ်ရှားမှု) တွေလုပ်တဲ့အချိန်မှာ ထိုင်း(နိုင်ငံ) ကို ဆိုလည်းပြောတယ်။ စစ်အုပ်စုကို ရင်းနှီးမြှုပ်နှံမှုလုပ်နေခြင်းကိုက စစ်အုပ်စုကို legitimacy ပေးနေတာဖြစ်တယ်။ အဲဒီအတွက် စစ်အုပ်စုနဲ့ တွဲပြီးတော့ စီးပွားရေးမလုပ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင်မှုဆိုတာ နိုင်ငံရေးအရ မင်းကို ငါတို့ အသိအပြုတယ်လို့ ပြောမှမဟုတ်ဘူး။ စီးပွားရေး လက်တွဲလုပ်နေတာကိုကလည်း သူ့ကိုတရားဝင်မှု ပေးနေတာဖြစ်တယ်။ ကုမ္ပဏီတွေဘက်ကကျတော့ အလုပ်တွဲလုပ်နေတာသည် သူတို့အတွက် အကျိုးအမြတ်အများကြီးရှိတယ်။ပုံမှန်ပေါ့ ဒီမိုကရေစီအစိုးရနဲ့ အလုပ်လုပ်ရတာထက် အာဏာရှင်အစိုးရနဲ့ အလုပ်လုပ်ရတာ၊ စစ်အုပ်စုနဲ့ အလုပ်လုပ်ရတာက သူတို့အတွက် အကျိုးအမြတ်ပိုများတယ်ပေါ့ နော်။ စစ်အုပ်စုကလည်း သူတို့ဆီကို ရင်းနှီးမြုပ်နှံမှု ဝင်လာလေ ကြိုက်လေပဲ။ ဘာလို့လဲဆိုတော့ သူက နိုင်ငံရေးအရ တရားဝင်မှု မရနေဘူး။ အဲတော့ သူ့ ဆီမှာ စီးပွားရေး တွေ လာလုပ်နေတာက သူလိုချင်တဲ့ဟာပေါ့နော်။ သူတို့က မြန်မာပြည်ရဲ့ အစိုးရ၊ သမ္မတ ဖြစ်ချင်တာလေနော်။ အဲတော့ စစ်အုပ်စုကလည်း သူ့ ဆီကို ရင်းနှီးမြုပ်နှံမှု ဝင်လာလေ ကြိုက်လေ။ ရင်းနှီးမြုပ်နှံတာတွေ လုပ်တဲ့လူတွေကလည်း ဒီလိုမျိုး တိုင်းပြည် မငြိမ်မသက် ဖြစ်နေလေ ဒီမိုကရေစီ အားနည်းနေလေ သူတို့အတွက်က အကျိုးအမြတ်များလေကြိုက်လေပေါ့။

DW။ ဒါအပြင် မြန်မာနိုင်ငံက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ထားတာတွေလည်းရှိနေတော့ ဒီလိုမျိုးအခြေအနေမှာ ဘယ်လိုကုမ္ပဏီတွေက လာပြီးတော့ ရင်းနှီးမြှုပ်နှံလေ့ရှိလဲပေါ့နော်။

နွေဦးလီလီ။ လက်ရှိ မြန်မာပြည်မှာကတော့ အဲလိုလာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ထိုင်းရှိတယ်။ တောင်ကိုးရီးယား ရှိတယ်။ ချိုင်းနား(တရုတ်) ရှိတယ်၊ အိန္ဒိယ ရှိတယ် နိုင်ငံတကာအစုံပဲ။ ဒီမှာမြင်သာအောင် ဘာပြောလို့ရလဲဆိုတော့ နိုင်ငံတွေက ‘မင်းအောင်လှိုင်’ကို မြန်မာပြည်ရဲ့ သမ္မတအဖြစ် တရားဝင်အသိအမှတ် မပြုသေးတာပဲ ရှိမယ်။
ဥပမာ ချိုင်းနားနဲ့ အိန္ဒိယကိုတော့ ကျွန်တော်ထည့်မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ချိုင်းနား၊ အိန္ဒိယ ကိစ္စက ကျွန်တော်တို့သိတယ်။ သူတို့က အစကတည်းက ချိုင်းနားဆိုတာ စစ်အုပ်စုကို စစ်ရေးအရရော နိုင်ငံရေးရော ထောက်ပံ့နေတာ။ တရားဝင်မှု ရအောင် လုပ်ပေးနေတာဖြစ်တယ်။ တရားဝင်လည်း ထုတ်ပြောထားတယ်။ UN၊ အာဆီယံမှာလည်း နေရာရလာအောင် support(ထောက်ပံ့မှု) လုပ်သွားမယ်ဆိုတာ ထုတ်ပြောထားတာဖြစ်တယ်။

မြန်မာပြည်မှာ ဘယ်လိုကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံလေ့ရှိလဲဆိုတော့ နိုင်ငံတကာကုမ္ပဏီ အကုန်နီးပါးပဲ။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ စစ်ပွဲတွေဖြစ်နေလို့ စစ်ရာဇဝတ်မှုတွေဖြစ်နေလို့ ရင်းနှီးမြှုပ်နှံမှုလုပ်တာကို ရပ်ပြီးတော့ ပြန်တယ်ဆိုတဲ့ ကုမ္ပဏီက နည်းတယ်။ အခုလက်ရှိ ရင်းနှီးမြုပ်နှံမှုတွေ ရုပ်သိမ်းသွားတဲ့ ကုမ္ပဏီအများစုကလည်း သူတို့ရဲ့ အကျိုးအမြတ် နည်းလာတဲ့အပေါ် မှာပဲ သူတို့ထွက်ခွာသွားတာဖြစ်တယ်။ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေလို့ ငါတို့ကတော့ ဒီမှာ အလုပ်မလုပ်ဘဲရပ်မယ်ဆိုပြီး ထွက်သွားတဲ့ကုမ္ပဏီက တော်တော်နည်းတယ်။ မရှိသလောက် နည်းတယ် လို့ ပြောလို့ရတယ်။

ဘယ်လို နိုင်ငံတကာကုမ္ပဏီက လာရောက်ရင်းနှီးမြှုပ်နှံမှု ရှိလဲဆိုရင်တော့ စီးပွားရေးနဲ့ လူ့အခွင့်အရေးကို အရမ်းကြီး ဂရုမစိုက်ဘူး အကျိုးအမြတ် နဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကပဲ အရေးကြီးတယ်ဆိုပြီးတော့ စဉ်းစားတဲ့နိုင်ငံတွေကတော့ အခုအချိန်ထိ လာရောက် ရင်းနှီးမြှုပ်နှံတယ် ရင်းနှီးမြှုပ်နှံဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်။

DW။ ဆိုတော့ နောက်တစ်ခုကလေ ကနေဒါနိုင်ငံအခြေစိုက် Canadian Foresight Group ရဲ့ လက်ခွဲကုမ္ပဏီ ဖြစ်တဲ့ CFG Energy Pte.Ltd ကုမ္ပဏီက တနင်္သာရီကမ်းလွန်ဖြစ်တဲ့ မြိတ်ကျွန်းစုရဲ့ အနောက်ဖက်မှာ M15 သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုလုပ်မယ်လို့ ထုတ်ပြန်ထားတာရှိတယ်ပေါ့နော်။အဲဒီအပေါ် မှာရော ဘယ်လိုမြင်လဲ။

နွေဦးလီလီ။ CFG (CFG Energy Pte.Ltd ကုမ္ပဏီ) ကလေ ၂၀၁၅ (ခုနှစ်) ကတည်းက မြန်မာပြည်နဲ့ (MOGE) နဲ့ M15 လုပ်ကွက်ကို အကောင်အထည်ဖော်ဖို့ စကားပြောထားတဲ့ ကုမ္ပဏီဖြစ်တယ်။ လက်မှတ်ထိုးထားတယ်။ ကြားထဲမှာ ရပ်သွားတယ်။ ဒါပေမဲ့ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လုပ်ကွက် အကောင်အထည်ဖော်ဖို့ကိစ္စတွေ ပြန်ပြီးစလုပ်တယ်။ အခုကတော့ သူတို့က တူးဖော်ရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့အတွက်ကို ပိုပြီးအရှိန်တိုးလာတယ်လို့ ပြောလို့ရတယ်။ တကယ်သာဆိုရင် သူတို့သာ business and human rights (စီးပွားရေးနဲ့ လူ့အခွင့်အရေး) ကို လိုက်နာတဲ့ကုမ္ပဏီဆိုရင် ဒီလိုမျိုး အခင်းအကျင်းရှိတဲ့ မြန်မာပြည်မှာ လူတွေ၊ ကလေးတွေ လက်ရှိ သေနေဆဲ။ စစ်ပွဲတွေဖြစ်နေဆဲ အချိန်ကာလမှာ ဒီလုပ်ငန်းတွေလုပ်ဖို့တော့ သူတို့ စဉ်းစားမှာမဟုတ်ဘူး။
ဒါပေမဲ့ အဲဒါတွေက သက်သက်ပဲ။ သူတို့ အကျိုးစီးပွားက သူတို့အကျိုးစီးပွားပဲ။ နိုင်ငံမှာ ဘာဖြစ်နေ ဖြစ်နေ သူတို့ကတော့ စစ်အုပ်စုနဲ့ ပေါင်းပြီးတော့ အမြတ်ရှာတဲ့ အလုပ်ကတော့ လုပ်မှာပဲ။ အဲဒီမှာ နောက်ထပ်တစ်ခုက ဘယ်လိုမြင်လဲဆိုတော့ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ကို ကနေဒါ က sanction(ပိတ်ဆို့အရေးယူမှု) ချဖို့လိုတယ်။ MOGE ကိုက အီးယူ(ဥရောပသမဂ္ဂ) နဲ့ US (အမေရိကန်) ကပဲ ပိတ်ဆို့အရေးယူထားတာ။ ကနေဒါ က sanction မချထားဘူး။
Canadian Foresight Group က ကနေဒါမှာ တည်ထောင်ပြီး စင်ကာပူမှာ မှတ်ပုံတင်ထားတာဖြစ်ပေမယ့် ကနေဒါနိုင်ငံသားအပါအဝင် နိုင်ငံစုံကသူတွေလည်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်
တကယ်လို့သာ ကနေဒါအစိုးရက sanction ချလိုက်တယ်ဆိုရင် MOGE မှာ CFG က လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုရင် ဒါ sanction ကို သူတို့ချိုးဖောက်ပြီးတော့ အလုပ်လုပ်တာ ဖြစ်သွားပြီ။ အဲဒီအတွက် ကနေဒါအစိုးရက MOGE ကို sanction ချပေးဖို့ လိုပါတယ်။ အဲလို ဆိုရင်တော့ ဒီ CFG က စစ်အုပ်စုနဲ့တွဲပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရမှာ မဟုတ်ဘူး။ sanction တွေလည်း မရှိရင်တော့ သူတို့ ပျော်ပျော်ကြီး စစ်အုပ်စုနဲ့ အလုပ်ဆက်လုပ်လိမ့်မယ်။ ကျွန်တော်တို့ကလည်း ကနေဒါ အစိုးရကို MOGE ကို sanction ချပေးဖို့ ဆက်ပြီးတော့ တောင်းဆိုသွားဖို့လည်း ရှိတယ်။ မဟုတ်ဘူးဆိုရင်တော့ CFG က သူတို့ ပြောထားတဲ့အတိုင်း စစ်အုပ်စုနဲ့ အခု စာချုပ်ချုပ်ထားတဲ့အတိုင်း အလုပ်လုပ်တယ်ဆိုရင်တော့ ဘာဖြစ်မလဲဆိုရင် စစ်အုပ်စုက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ တစ်နှစ်ကို ဒေါ်လာ ‘တစ် ဘီလီယံ’ ဝင်တယ်။ ကျတော် အနည်းဆုံး ပြောတာ။ တကယ်တမ်းက ‘နှစ် ဘီလီယံ’ ‘သုံး ဘီလီယံ’ လောက်အထိလည်း ဝင်တဲ့နှစ်တွေရှိတယ်။ အဲတော့ ဒီ ပိုက်ဆံတွေ အကုန်လုံးက လက်နက်၊ လေယာဉ်ဆီ ၊ စစ်လေယာဉ်အတွက်ဝယ်တဲ့ တကယ့် နိုင်ငံတကာ ဘဏ်လမ်းကြောင်းကနေဝယ်လို့ရတဲ့ ပိုက်ဆံတွေဖြစ်တဲ့အတွက် စစ်အုပ်စုအတွက်ကတော့ ပျော်မှာပေါ့။ စစ်အုပ်စုအတွက်က ဆက်ပြီး သူ့တို့ရဲ့ စစ်ယန္တရား၊ စစ်အုပ်ချုပ်ရေးကို ဆက်ပြီးလည်ပတ်လို့ရမယ့် ပိုက်ဆံတွေရမယ့် ကိစ္စဖြစ်လာမယ်။ အဲအတွက် ကနေဒါက MOGE ကို sanction ချဖို့ လိုပါတယ်။

DW။ အခုလို အခြေအနေမျိုးရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြည်သူတွေအပေါ် ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲပေါ့နော်။

နွေဦးလီလီ။ CFG နဲ့ ပတ်သက်တဲ့စီမံကိန်းတွေ၊ ပြီးတော့ MOGE နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ၊ ပြီးတော့ စစ်အုပ်စုက ရုရှားနဲ့ investment ထပ်လုပ်တယ်။ တခါ အိန္ဒိယကလည်း လာတယ်။ သူတို့စကားပြောတယ်ဆိုတော့ ဒီဟာတွေက အကုန်သာ အကောင်အထည်ဆက်ပြီးတော့ဖော်မယ်ဆိုရင် ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်လဲ ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စစ်အုပ်ချုပ်ရေးကို ပိုပြီးခိုင်မာအောင် ဒီ investment ( ရင်းနှီးမြုပ်နှံမှု) တွေက လုပ်ပေးနေတာပဲ။ UN ရော၊ အာဆီယံရော နိုင်ငံတကာကရော ‘မင်းအောင်လှိုင်’ ကို သမ္မတအဖြစ် အသိအမှတ်ပြုတယ်လို့ ပြောစရာမလိုဘူး။ အဲလို မကြေညာဘဲနဲ့ကို ဒီစီးပွားရေးလုပ်ငန်းတွေက ဒီလိုစစ်အုပ်စုနဲ့ အလုပ်တွဲလုပ်နေတာကိုက စစ်အုပ်ချုပ်ရေးကို သူတို့က ပိုခိုင်မာအောင် လုပ်ပေးနေတာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အရင်းရှင်စနစ်က အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံ ပြုတယ်။ အာဏာရှင်စနစ်က တစ်ခါ အရင်းရှင်စနစ်ကို ကျောထောက်နောက်ခံပြုတယ်ဆိုတော့ သူတို့က အပြန်အလှန် မှီခိုနေတာဖြစ်တယ်။
ဒီ investment လာလုပ်တဲ့ ကုမ္ပဏီတွေအားလုံးက capitalist (အရင်းရှင်) တွေကြီးပဲ။ ဒီဘက်မှာ အာဏာရှင် dictatorship(အာဏာရှင်စနစ်) ရှိတယ်။ အဲတော့ သူတို့က အချင်းချင်း သူတို့အကျိုးအမြတ်အတွက် အပြန်အလှန် ထောက်ခံနေတာဖြစ်တယ်။ ပြည်သူတွေကတော့ ဘယ်လို အကျိုးသက်ရောက်မှုရှိလည်းဆိုတော့ MOGE သည် ကျွန်တော်တို့နိုင်ငံမှာ သဘာဝသယံဇာတကနေပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အတွက် သုံးခဲ့တယ်ဆိုတာက ခေတ်ဆက်ဆက် ဘယ်စိုးရမှာမှ မရှိဘူး။ ဒီငွေတွေဟာ military budget (စစ်အသုံးစရိတ်) ထဲပဲ ရောက်သွားတာ။ အခုက စစ်အုပ်စုက သူစစ်အုပ်ချုပ်ရေးလုပ်ဖို့အတွက် ကြိုးစားနေတယ်။ စစ်အုပ်ချုပ်ရေးလည်း လုပ်နေတယ်။ အဲဒီ အနေအထားမှာ ဒီကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာသည် စစ်အုပ်စုကို စစ်အုပ်ချုပ်ရေး ပိုခိုင်မာအောင်၊ စစ်ယန္တရားပိုပြီးတော့ သန်မာလာအောင်၊ အာဏာရှင်စနစ်ကို ပိုတောင့်တင်း ခိုင်မာအောင် လုပ်ပေးလိုက်တာဖြစ်တယ်။ အဲတော့ ပြည်သူတွေအပေါ် သက်ရောက်မှုကတော့ ကျွန်တော်တို့ပိုပြီးတော့ အခုခံနေရတဲ့ အကြမ်းဖက်မှုတွေ၊ မတရားမှုတွေအောက်မှာ ဆက်ပြီးတော့နေရမယ့် အနေအထား ဖြစ်သွားနိုင်တယ်။

အဲတော့ ဘာအရေးကြီးလဲဆိုတော့ နိုင်ငံတကာက legitimacy (တရားဝင်မှု) မပေးသလိုပဲ ဒီ investment လုပ်ငန်းတွေကလည်း စစ်အုပ်စုနဲ့ အလုပ်လုပ်တာကို ရပ်ဖို့လိုတယ်။ တကယ်လို့သာ စစ်အုပ်စုနဲ့ အလုပ်လုပ်တာ မရပ်ဘဲနဲ့ ဆက်ပြီးပဲ ရင်းနှီးမြုပ်နှံမှုတွေလုပ်နေမယ် ဘာကိုမှလည်း မကြည့်ဘူးဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေက စစ်အုပ်စု ချယ်လှယ်သမျှ လုပ်သမျှ သတ်သမျှ ဖြတ်သမျှ ခံနေရအုံးမှာ ဖြစ်တယ်။

DW။ ဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ စစ်အုပ်စုလက်ထက်မှာ ဝင်လာတာနဲ့ ပတ်သက်ပြီးတော့ ဆရာမတို့အနေနဲ့ ပြည်သူတွေကို ဘာတွေ မက်ဆေ့ပေးချင်လဲ။

နွေဦးလီလီ။ နိုင်ငံတကာအပိုင်းကတော့ ကျွန်တော်တို့ အများကြီး မလုပ်နိုင်တာတွေလည်းရှိတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ က advocate ( တိုက်တွန်းတောင်းဆိုတာတွေ စည်းရုံးလှုံ့ဆော်တာတွေ) လုပ်တယ်။ ပါးစပ်ကနေ ပြောနိုင်တယ်။ ဆိုပေမယ့် ဒီကုမ္ပဏီတွေက သူတို့ ကြိုက်သလို ချယ်လှယ်တယ်။ ကျွန်တော်တို့ခံရတယ်။

ဒါပေမဲ့ ပြည်တွင်းထဲမှာတော့ ကျွန်တော်တို့လုပ်နိုင်တဲ့ဟာတွေကိုတော့ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။
ကျွန်တော်တို့အနေနဲ့ စစ်အုပ်စုကို ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အစားအသောက် ကုန်ပစ္စည်းတွေကို ဆန့်ကျင်သပိတ်မှောက်ဖို့လိုတယ်။ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ဖြစ်ဖြစ်ပါဝင်နေတာတွေ အကုန်လုံးကိုပါ။

စစ်အုပ်စုနဲ့ အတူတူ ခရိုနီတွေနဲ့ တွဲလုပ်နေတဲ့ ဒီအစားအသောက် ကုန်ပစ္စည်း ဒါတွေအကုန်လုံးကို ကျတော်တို့ Boycott (သပိတ်မှောက်) လို့ရသမျှ ကျတော်တို့ သပိတ်မှောက်ရမှာ ဖြစ်တယ်။

နောက်တစ်ခုကကျတော့ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ကတော့ စစ်အုပ်စုနဲ့တွဲပြီးတော့ အလုပ်မလုပ်ပါနဲ့။ ဒီ အာဏာရှင်တွေနဲ့ တွဲပြီး အလုပ်မလုပ်ပါနဲ့ ။ အာဏာရှင်တွေနဲ့ တွဲပြီးအလုပ်လုပ်တာသည် ဒီအကျိုးမြတ်တွေသည် ဘယ်လိုအကျိုးအမြတ်ပဲဖြစ်ဖြစ် သွေးစွန်းငွေတွေ ဖြစ်ပါတယ်။

ဒီအာဏာရှင်တွေသည် စီးပွားရေးကရတဲ့ အကျိုးအမြတ်ကို ပြည်သူ့အတွက် မသုံးပါဘူး။ ပြည်သူ့အတွက်သုံးရင် ကျွန်တော်တို့ ပြည်သူလူထု အခုလိုရွာတွေ မီးရှို့ခံရတာ၊ ကလေးတွေသေတာ၊ air strike(လေကြောင်းတိုက်ခိုက်မှု) တွေ ဖြစ်တာတွေ မဖြစ်ပါဘူး။ ဒါပေမဲ့ သူတို့တွေသည် ရတဲ့ပိုက်ဆံတွေ အကုန်လုံး စစ်ယန္တရားလည်ပတ်တာပဲ သုံးတဲ့အတွက် အာဏာရှင်တွေနဲ့ လက်တွဲပြီး အလုပ်လုပ်နေတာသည် မြန်မာပြည်သူလူထု ကို သတ်ဖြတ်ဖို့အတွက် ပိုက်ဆံပေးနေတာပဲဖြစ်ပါတယ်။

DW။ ဆိုတော့ကာ ကျွန်တော် မမေးဖြစ်တဲ့ မေးဖို့ ကျန်ခဲ့တဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တခြားဖြည့်စွက်ပြောချင်တာ များ ရှိရင် ပြောပေးပါခင်ဗျာ။

နွေဦးလီလီ။ကျွန်တော် ထပ်ပြောချင်တာက နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ business and human rights (စီးပွားရေးနှင့် လူ့အခွင့်အရေး) ကို လိုက်နာပြီးတော့ အလုပ်လုပ်ဖို့ လိုပါတယ်။ တကယ်လို့ သူတို့တွေသည် အကျိုးအမြတ် တစ်ခုတည်းကိုပဲ ကြည့်မယ်၊ ကိုယ်သွားလုပ်တဲ့ နိုင်ငံ၊ ကိုယ်သွားလုပ်တဲ့ community(အသိုင်းအဝိုင်း)၊ ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်၊ လူတွေ သေနေတယ် ဒါတွေကို မကြည့်ဘဲနဲ့ အကျိုးစီးပွား အမြတ်တစ်ခုတည်း ကြည့်မယ်ဆိုရင် တချိန်မှာ ဒါတွေအကုန်လုံး တာဝန်ယူမှု၊ တာဝန်ခံရမှာဖြစ်တယ်။

မင်းအောင်လှိုင်ဟာ နိုင်ငံတကာ တရားခုံရုံးတွေမှာ ဖမ်းဝရမ်းထုတ်ခံထားရ၊ တိုင်ကြားခံထားရတာ ဖြစ်တယ်၊ ICC မှာ ဝရမ်းတင်ခံထားရတာ ဖြစ်တယ်။ ICJ မှာ စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအနေနဲ့ စစ်ဆေးခံနေရတာဖြစ်တယ်။ ဒီတော့ နိုင်ငံတကာကုမ္ပဏီတွေက မင်းအောင်လှိုင်နဲ့ အတူ စစ်အုပ်စုနဲ့အတူ လက်တွဲအလုပ်လုပ်နေတာတွေသည် တချိန်ချိန်မှာ ပြန်ပြီးတော့ မြန်မာပြည်သူလူထုအတွက်ကို သူတို့ ပြန်ပြီး ပေးဆပ်ရမယ်၊ တာဝန်ယူရမယ်၊ တာဝန်ခံရမယ် ဆိုတဲ့ဟာလည်း သူတို့သတိထားဖို့ လိုတယ်။ အဲအတွက်ကို အခုအချိန်မှာ လုပ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတာတွေ အားလုံးကို နိုင်ငံတကာ အစိုးရတွေရော၊ ဒီကုမ္ပဏီတွေရောက ရပ်ဖို့လိုတယ် နောက်ဆုတ်ဖို့လိုပါတယ်။

DW။ ကျေးဇူးတင်ပါတယ်ခင်ဗျား။