Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းနှင့် တွေ့ဆုံခြင်း
အွန်လိုင်းပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု ဖြစ်စဉ်များမှာ မြန်မာလူငယ်များအကြား စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာနေသည်။
သမီးရည်းစားအချင်းချင်းကြား ပုံ/ဗီဒီယိုများကို အလွဲသုံးစားပြုခြင်း၊ AI နည်းပညာဖြင့် ပုံများအတုဖန်တီးခြင်းနှင့် Dating App များမှတစ်ဆင့် လိင်အမြတ်ထုတ်ခြင်းများကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ကြုံတွေ့နေရသည်။
အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အကူအညီပေးနေသည့် Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
DW ။ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေက ဘာကြောင့် ဖြစ်ပေါ်နေတယ်လို့ ထင်ပါသလဲ။ ဘာကြောင့် များလာလဲပေါ့နော်။
ဖြေ ။ ဘာကြောင့်ဖြစ်လဲဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံသိစိတ်ပေါ့နော်။ လူမှုပတ်ဝန်းကျင်မှာ အခြေခံသိစိတ်ကစ ဒါကို “လုပ်သင့်လုပ်ခွင့်ရှိတယ်” လို့ ယူဆနေတဲ့အခြေအနေတွေ၊ နောက်တစ်ချက်က “လုပ်ခွင့်ပေးထားတဲ့ အခြေအနေတွေ” ကြောင့် နောက်ဆက်တွဲ လုပ်ရဲလာကြတဲ့ အခြေအနေတွေက ဖြစ်လာတာ တစ်ပိုင်းဖြစ်တယ်။
ဆိုလိုချင်တာက ကျွန်တော်တို့ ယဉ်ကျေးမှု အားနည်းတယ်ပေါ့နော်။ ကျွန်တော်တို့တွေက ယဉ်ကျေးမှု တောင့်တင်းတဲ့ လူ့အဖွဲ့အစည်းလို့သာ ပြောတာပါ။ ဒီအရာတွေကို ကြည့်မယ်ဆိုရင် ဘာယဉ်ကျေးမှုမှ ရှိတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မွေးကတည်းက သင်ခဲ့ရတဲ့ Sexual Education, Sexual Knowledge, Sex Education ဘာမှဘာမှ ကျွန်တော်တို့တွေ မသိဘူး။
မိန်းမတစ်ယောက်ကို ကျွန်တော်တို့လက်ထဲ ရောက်လာရင်၊ ကျွန်တော်တို့ ချစ်ခွင့်ကြိုက်ခွင့် ရသွားရင် “ငါတို့ပိုင်ပြီ” လို့ ယူဆပြီးတော့ အဲဒီမိန်းကလေးရဲ့ နောက်ဆက်တွဲ ကိုယ်ပိုင်အခွင့်အရေးတွေကို လက်ရှိဒီဟာတွေကို ဖြန့်နေတဲ့ မျိုးဆက်က အဲလိုအခြေအနေမျိုး ထင်နေကြတာပါ။ လုပ်ခွင့်ရှိတယ်လို့ ထင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကာယအိန္ဒြေကို အခုလိုမျိုး စော်ကားခွင့်ရှိတယ်လို့ ထင်နေတာတွေရဲ့ နောက်ဆက်တွဲတွေက ဒါတွေကို ကျွန်တော်တို့ မထိန်းသိမ်းနိုင်တဲ့ အခြေအနေပေါ့နော်။
ဘာကြောင့်ဖြစ်တာလဲဆိုတာကို ကိစ္စရပ်နှစ်မျိုးနဲ့ ကိုင်တွယ်ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
တစ်ချက်ကတော့ အဲလိုမျိုးတွေမဖြစ်အောင် ကျောင်းတွေ ဘာတွေကစ ဒါတွေကို အသိပညာပေးရမယ်။ ဒါဟာ လုံးဝ ထိခွင့်မရှိတဲ့၊ လုပ်ခွင့်မရှိတဲ့ အခြေအနေမျိုး၊ ကျင့်ဝတ်အရ လုံးဝ လုပ်ခွင့်မရှိတဲ့ အခြေအနေမျိုး၊ ယောက်ျားပဲဖြစ်စေ၊ မိန်းမပဲဖြစ်စေ တစ်ပါးသူရဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ဘာကိစ္စနဲ့မှ ဖြန့်ဝေခွင့်၊ မျှဝေခွင့်၊ အလွဲသုံးစားလုပ်ခွင့် မရှိဘူးဆိုတာ သိကိုသိရမယ့် အခြေအနေမျိုး ဖြစ်တယ်။ ကျင့်ဝတ်အရမသိရင်တောင် အဲဒါကို ဥပဒေအရ (အရေးယူ/တားမြစ်ထားတာမျိုး) သိရမယ်။
Case တွေ များလာတာ ဘာကြောင့်လဲဆိုတာ ခုနက ကျွန်တော်ပြောခဲ့သလိုပဲ လိင်ပိုင်းဆိုင်ရာ အသိပညာ အားနည်းမှု၊ ဒါတွေကို လုပ်ခွင့်ရှိနေတဲ့ အချက်အလက်တွေနဲ့ ဥပဒေ အားနည်းမှုတွေပေါ့နော်။
အခုလက်ရှိ ဒီ ၅ နှစ်လောက် သို့မဟုတ် ၆ နှစ်လောက်အတွင်းမှာ ကျွန်တော်တို့ မမြင်ဖူး မကြုံဖူးလောက်အောင်ပဲ။ အစ်မတို့ ညီမတို့ဆိုရင် အဲဒီနယ်ပယ်မှာ ရှိမနေရင်၊ အဲဒီအခြေအနေတွေကို လက်လှမ်းမမီနေရင် အခုကျွန်တော်ပြောနေတဲ့ အချက်အလက်တွေက ဟုတ်မှဟုတ်ပါ့မလားလို့ ထင်ကောင်းထင်လိမ့်မယ်။
ဒါပေမဲ့ အဲဒီနယ်ပယ်မှာ တကယ်အဖြန့်ခံနေရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေ၊ တကယ်အဲဒီနယ်ပယ်မှာ ရှိနေတဲ့ လူစုပေါ့နော်၊ ယောက်ျားထုကြားမှာဆိုရင် ဒါတွေက တကယ်ကို ရွံစရာကောင်းလောက်အောင် မမြင်ချင်မှအဆုံး ပေါပဲနေတဲ့ အခြေအနေတွေဗျာ။ သူတစ်ပါးရဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို မျှဝေသုံးစွဲ၊ ကျွန်တော်တို့ လိင်အမြတ်ထုတ်နေကြတဲ့ လူတွေချည်းပဲ။ မြင်ရင် တော်တော်ရွံစရာကောင်းတဲ့ အခြေအနေ။
ဘာကြောင့်ဖြစ်လာလဲဆိုရင် ကျွန်တော်တို့မှာ အားနည်းချက်က ဒီလိုဟာ လုပ်ခွင့်မရှိဘူး၊ မလုပ်သင့်ဘူးဆိုတာမျိုး အသိဉာဏ် သင်ကြားမှု၊ ပြီးရင် လိုက်နာမှုမရှိတဲ့ အခြေအနေတွေ၊ ပြီးတော့ ဥပဒေက အကာအကွယ်မဲ့နေတဲ့ အခြေအနေတွေကြောင့်ပါ။
အဲဒါက ယောက်ျားလေးတွေမှ မဟုတ်ပါဘူး၊ မိန်းကလေးတွေကလည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လိုလုံခြုံတဲ့အခြေအနေမှာ သုံးသင့်လဲဆိုတာနဲ့ Sexual Knowledge အကြောင်း နားမလည်တဲ့ အခြေအနေပေါ့နော်။
DW ။ ဒီလို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေထဲမှာ ဘယ်လိုလူတွေပါလဲ။ ဒီလူတွေကို စုံစမ်းဖော်ထုတ် အရေးယူလို့ရသလား၊ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေရှိသလား။
ဖြေ ။ စစ်ကောင်စီ လက်လှမ်းမီနေတဲ့ နယ်မြေတွေမှာဆိုရင်တော့ မဖြစ်မနေ ကူညီရမှာဆိုရင် တစ်ဆင့်ခံအနေနဲ့ ဥပဒေရေးရာတွေကို ချိတ်ဆက်အကူအညီပေးတာတွေ လုပ်ပေးပါတယ်။ ကျွန်တော်နဲ့သိတဲ့ ရှေ့နေတွေဘာတွေ ရှိတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဥပဒေကျောင်းဆင်းလာတာဆိုတော့ အဲလိုအခြေအနေမျိုးရှိတယ်ဆိုရင် ကျွန်တော် တစ်ဆင့်ခံချိတ်ပေးတာမျိုးတွေ လုပ်တယ်။ အဲဒါက ရန်ကုန်လို၊ မန္တလေးလို စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အခြေအနေမျိုးတွေမှာဆိုရင် ခုနလို ကူညီပေးတာရှိပါတယ်။ အဲဒါကလည်း နည်းပါတယ်။ ထောင်ချတန်းချရတဲ့ အခြေအနေမျိုးထိတော့ အဲဒီစစ်အုပ်ချုပ်ရေးရှိနေတဲ့ ဒေသတွေမှာဆိုရင်တော့ အဲလောက်ထိမရှိဘူး၊ နည်းပါတယ်။ ကျွန်တော့်အထင် တစ်ကြိမ်လောက်ပဲ ရှိခဲ့ဖူးတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာမျိုးတွေ (စစ်ကိုင်း၊ မကွေး ဘာညာပေါ့နော်) အဲလိုအခြေအနေမျိုးတွေကျတော့ တော်တော်လက်လှမ်းမီပါတယ်။ အဲဒီဒေသကလူတွေ၊ ကျူးလွန်တဲ့သူတွေဆိုရင်တော့ တော်လှန်ရေးနယ်မြေက ဥပဒေတွေနဲ့ ကျွန်တော်တို့ ကိုင်တွယ်တာမျိုးတွေ ရှိပါတယ်။ ဖမ်းဆီးပြီးတော့ စစ်ဆေးတာမျိုး၊ မေးမြန်းတာမျိုး၊ အဲလိုအခြေအနေမျိုးတွေလည်း အထိုက်အလျောက် ရှိပါတယ်။
အဲဒီက လူကြီးသူမတွေကို ဒီလိုအခြေအနေမျိုးတွေကို တားဆီးပေးဖို့ ကိုယ်တိုင်ကိုယ်ကျ သွားပြောစေတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ကူညီပေးနေတဲ့ တော်လှန်ရေးဘက်က ဥပဒေရေးရာ အဖွဲ့အစည်းတွေလည်း အများကြီး ရှိတယ်ပေါ့နော်။
ခံဝန်ကတိလိုမျိုး နောက်ထပ် ဒီလိုအခြေအနေမျိုး ထပ်မဖြစ်စေရအောင် လူကြီးသူမတွေနဲ့ သေချာကတိကဝတ်ပြုပါတယ်ဆိုတဲ့ အခြေအနေမျိုးတွေလည်း လုပ်ပေးဖြစ်ပါတယ်။
DW ။ နောက်တစ်ခုက Facebook လို လူမှုကွန်ရက်စာမျက်နှာ Messenger ကနေ အမျိုးသားလိင်အင်္ဂါပုံတွေ ပို့လာတာမျိုးတွေ၊ ကိုယ်တင်ထားတဲ့ ပုံတွေကို Save ပြီး Photoshop နဲ့ ပြုပြင်တာမျိုး ဒါမှမဟုတ် ကိုယ်လုံးတီးပုံ အမျိုးသမီးဓာတ်ပုံတွေနဲ့ ရောတင်ပြီး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတယ်။ အဲလိုအမှုတွေရော လာတိုင်တာမျိုး ရှိလား။
ဖြေ ။ ဟုတ်ကဲ့ ရှိပါတယ်ဗျ၊ အဲလိုလေးတွေလည်း လာတိုင်နေကြတယ်။ တော်တော်များများ၊ အဲဒါတွေကတော့ ဖြေရှင်းရတာ လွယ်ပါတယ်။
ပထမအချက်က ကိုယ်မသိတဲ့သူက ကိုယ့်ကို လာပြီးတော့ ခြိမ်းခြောက်နေတာမျိုးဆိုရင် ခုနကလို AI နဲ့ ပြင်ထားတာဖြစ်ဖြစ်၊ Photoshop နဲ့ ပြင်ထားတာဖြစ်ဖြစ် အဲလိုမျိုးတွေဆိုရင် ဒီဘက်ပိုင်းမှာ ပိုပြီးရင်းနှီးလာတော့ သိပေမဲ့ အစပိုင်းမှာဆိုရင် တချို့မိန်းကလေးတွေက ကြောက်ကြတော့ ခိုင်းသမျှ အကုန်လိုက်လုပ်ရတာဗျာ။
“ဒီ Telegram လာခဲ့၊ အဲဒီမှာလာပြီးတော့ Sexy Chat ပေး၊ ဘယ်သူနဲ့ Chat၊ ငါတစ်ယောက်တည်းမဟုတ်ဘူး တခြားသူနဲ့လည်း သွား Chat” ဆိုပြီး ဒီဟာနဲ့ သူ့ရဲ့ သိက္ခာပိုင်းကို “နင်အဲလိုမှ မလုပ်ရင် နင့်ရဲ့ မိသားစုတွေကို ပို့မှာ၊ နင့်အကောင့်ထဲက လူတွေကို အကုန်လိုက်ပို့မှာ” လို့ ခြိမ်းခြောက်၊ တကယ်လည်း ပို့ပြီးတော့ မဟုတ်တမ်းကရားတွေ လျှောက်ပြောတာမျိုးတွေ ကြုံရတယ်။
ဒီမိန်းကလေးက ဒီဟာကို သေချာချင့်ချိန်ပြီးတော့ စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတော့ သူ့ရဲ့ အရှက်သိက္ခာတွေကို အကုန်ပိတ်ချပြီးတော့ သူခိုင်းသမျှ လိင်အမြတ်ထုတ်ခံနေရတဲ့ အခြေအနေမျိုးတွေ တောက်လျှောက် ကြုံနေရတယ်။ ခဏခဏတွေ့ရတယ်။
ကိုယ့်အချက်အလက်မဟုတ်ဘဲ ကြောက်စရာမလိုတဲ့ အခြေအနေမျိုးတွေကို တတ်နိုင်သမျှ Counselor ကနေပြီးတော့ စကားပြောတယ်ပေါ့နော်။ “ကိုယ့်ပုံက တကယ်ပုံမှ မဟုတ်ဘဲနဲ့ ဘာလို့ ကြောက်နေမှာတုန်း၊ ဘာလို့ ပေးနေမှာတုန်း” ဆိုတဲ့ အစပိုင်း ပြန်ပြီး တွန်းကန်တဲ့ ပုံစံမျိုးလေးတွေနဲ့ ကျွန်တော်တို့ သေချာပြောပြတယ်။
အချက်အလက်တွေ သေချာမေးတယ်ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ လာချဉ်းကပ်သွားတာလဲ၊ ငွေရော ပိုက်ဆံရော ဘယ်လောက်ပေးနေရတာလဲ၊ ပိုက်ဆံမပေးရဘဲ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာအရ သီးသန့်ကို အသုံးချနေတဲ့ အမြတ်ထုတ်ချင်တဲ့ ပုံစံမျိုး အခြေအနေမျိုးလားဆိုတာကို အဲလိုမျိုး အဆင့်ဆင့်ပေါ့နော်၊ သေချာဆွေးနွေးပြီးတော့ Group ဆိုရင်လည်း Group ဖွဲ့ပြီးတော့ မန်ဘာ ၇ ယောက်လောက်က ဝိုင်းဝန်းအကြံပြု၊ ဖုန်းနဲ့ဖြစ်စေ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြကြတယ်ပေါ့နော်။
နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်ဘူးဆိုရင် ဒီဘက်ခေတ် လူငယ်တွေရဲ့ အလေ့အထအရ AI တွေက တောက်လျှောက် ခေတ်စားနေတာပဲလေနော်။ ကျွန်တော်တို့မှာ သူ့ပတ်ဝန်းကျင်ကို သူဘယ်လောက်ထိ နှောင့်ယှက်နိုင်မှာလဲဆိုတဲ့ အခြေအနေကနေပြီးတော့ သတ္တိစိတ်မွေးခိုင်းတာ။
နောက်ဆုံး ရှောင်မရရင် ရင်ဆိုင်ခိုင်းတဲ့ အခြေအနေမျိုး၊ “ဒါဆို AI နဲ့ အလုပ်ခံထားရတာ ဘာလို့ ကြောက်နေမှာတုန်း၊ နင်တကယ်မှ မဟုတ်ဘဲနဲ့။ တကယ်ဟုတ်နေရင်လည်း ကိုယ်ကိုယ်တိုင် မဝန်ခံသရွေ့ ဒါဟာ မဟုတ်ဘူးဆိုတာကို ယူဆလို့ရတယ်” ဆိုတာမျိုးပေါ့။
DW ။ ဒီလိုကိစ္စတွေ လျော့ကျဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုမလဲ။ ဆောင်ရန် ရှောင်ရန်တွေပေါ့နော်။ ဥပဒေအရ အပြစ်ပေးအရေးယူဖို့ဆိုရင် ဘာတွေလုပ်နိုင်မလဲရှင်။
ဖြေ ။ ကျွန်တော်တို့ကတော့ လက်ရှိခေတ်ရဲ့ အခြေအနေကိုလည်း သိစေချင်တယ်ပေါ့နော်။ အခုခေတ်က ကိုယ်ကိုယ်တိုင် ဖြစ်လာမှသာလျှင် “ကူပါကယ်ပါ” နဲ့ အခုလိုမျိုး အကူအညီ လိုက်တောင်းရတဲ့ အခြေအနေမျိုး ဖြစ်တယ်ပေါ့နော်။
တကယ့်တကယ်တမ်းက ဖြစ်ပြီဆိုရင် ကိုယ့်လောက် ခံစားရတာ ကိုယ်ပဲရှိမှာပဲ။ ဒါမျိုးတွေမဖြစ်အောင် မိန်းကလေးတွေအနေနဲ့ သိက္ခာပိုင်းအရ ကိုယ်ကိုယ်ကိုယ် ဘယ်လိုပုံစံမျိုးနဲ့ ဆင်ခြင်နေထိုင်မလဲဆိုတာကို အမြဲတမ်း သတိချပ်စေချင်တယ်။
သမီးရည်းစားအတွဲမှာဆိုရင်လည်း ဘယ်လောက်ပဲ ယုံကြည်စိတ်ချနေရပါစေ၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်ကို တတ်နိုင်သမျှ ထိန်းဖို့ လိုအပ်တယ်။ ဆိုလိုတာကဗျာ သမီးရည်းစား သဘာဝ Sex Chat ချက်တယ်၊ ဒါတွေကို ဖလှယ်တယ်ဆိုရင်တောင်မှ ကိုယ်ပါဆိုပြီး သိသာစေတဲ့ အချက်အလက်မျိုး မထည့်မိဖို့ လိုတာပေါ့နော်။
ရှင်းရှင်းပြောရရင် မျက်နှာမပါစေဖို့၊ ကိုယ်မှန်းသိသာစေတဲ့ အချက်အလက်တွေ ဘာမှ မပါစေဖို့ပေါ့နော်။ နောက်ပြီး ကိုယ့်အသံ အဲလောက်ထိ မပါစေဖို့ ဒါမျိုးပေါ့ဗျာ။ အဲလိုတွေ ရှောင်လို့ရတာပဲ၊ မဖြစ်မနေကိုယ်က ဒါမျိုးတွေ ပြုမူချင်တယ်ဆိုရင်တောင်မှပေါ့နော်။
နောက်တစ်ချက်က တကယ်သိထားဖို့လိုတာက ဒီဟာတွေက ကိုယ်ကိုယ်တိုင် ချစ်နေတုန်း ကြိုက်နေတုန်းမှာ ရိုက်ထားတဲ့ မှတ်တမ်းတွေ၊ ရိုက်ခွင့်ပေးထားတဲ့ မှတ်တမ်းတွေက တစ်ချိန်ချိန်မှာ ကိုယ့်ကို ဒုက္ခပေးလာနိုင်တဲ့ အရိပ်တစ်ခုလို ဖြစ်လာနိုင်တယ်ဆိုတာကို အမြဲသိထားစေချင်တယ်။
နောက်တစ်ချက်က တွေ့ကရာ Dating App တွေကို အရမ်းကြီး မယုံမိဖို့ လိုတယ်။ ကိုယ်က အတိုင်းအတာတစ်ခုထိပဲ Dating App ကနေ စကားပြောဖို့ စိတ်ဝင်စားတယ်ဆိုရင် မပြောနဲ့လို့ မတားပါဘူး၊ ပြောပေါ့။ ဒါပေမဲ့ ကိုယ်ပြောတာရဲ့ နောက်ဆက်တွဲ ကိုယ်ကိုယ်တိုင်က အသက်ပြည့်ပြီးသားအရွယ် လိင်စိတ်ခံစားချင်တဲ့ နောက်ဆက်တွဲပေါ့နော်၊ အဲဒီ လိင်စိတ်ခံစားမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုလည်း သေချာသိဖို့လိုတယ်။
ကိုယ့်ကို ဘယ်လောက်တောင် အန္တရာယ်ပေးလာနိုင်နေလဲ၊ ကိုယ်ဆက်လျှောက်မယ့် အနာဂတ်သိက္ခာပိုင်းဆိုင်ရာကို ဘယ်လောက်တောင်မှ အာရုံနောက်လာစေနိုင်သလဲဆိုတာမျိုးတွေကို သတိချပ်ဖို့လိုတယ်။
အရွယ်ရောက်ပြီးသား လူတိုင်းက လိင်စိတ်ခံစားခွင့်ရှိတာ မှန်ပါတယ်။ လိင်စိတ်ခံစားချင်တဲ့ အခြေအနေမျိုးရှိတာလည်း နားလည်တယ်။ ဒါပေမဲ့ ခံစားချင်တဲ့စိတ်ရဲ့ နောက်ဆက်တွဲ၊ ခံစားချင်တဲ့အခြေအနေရဲ့ နောက်ဆက်တွဲ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကိုယ်ဘယ်လောက်ထိ ဆိုးကျိုးကောင်းကျိုးတွေ၊ နောက်ဆက်တွဲ အန္တရာယ်တွေ ဘယ်လောက်ထိ နားလည်နေကြပြီလဲ ဆိုတာကို ကိုယ်ဒါတွေကို စပြီး မခံစား မလေ့လာခင်၊ မကျင့်သုံးခင် ဒါလေးတွေကို သိထားပေးဖို့ လိုတယ်ပေါ့နော်။ ဒီဟာတွေကို နဖူးတွေ့ဒူးတွေ့ ကိုယ်ကိုယ်တိုင် မခံစားခင် ဒီဟာတွေကို ကြိုတင်သိထားဖို့၊ ဒီရဲ့အသိပညာတွေ ဗဟုသုတတွေ ရှိထားဖို့ လိုတယ်ပေါ့နော်။
DW ။ အွန်လိုင်းပေါ်ကနေ ဓာတ်ပုံပို့လာပြီး အာသာဖြေတဲ့ကိစ္စတွေပေါ့နော်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာနဲ့ ပတ်သက်လို့ ဘယ်လောက်တောင် ဆိုးရွားတဲ့ အခြေအနေဖြစ်နေလဲ။
ဖြေ ။ အဲဒီဟာတွေကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေး ၁၀ ဦးမှာ ၅ ဦးလောက်ကတော့ ဒါမျိုးတွေ လာပြီး သွေးတိုးစမ်းခံနေရတဲ့ အခြေအနေပေါ့နော်။
တချို့ အကောင့်တုတွေနဲ့လာပြီး ပို့သွားတယ်၊ စကားပြောသွားတယ်။ ခုနလိုမျိုး ဖုန်းနံပါတ်တွေဘာတွေ သိတယ်ဆိုလည်း Telegram ကနေ ချိတ်ဆက်ပြီးတော့ စကားတွေ ပြောသွားတယ်၊ Group တွေထဲ ဆွဲသွင်းသွားတယ်။ အဲလိုအခြေအနေမျိုးတွေပေါ့နော်။
အဲလိုမျိုးတွေက ရိုးရှင်းပါတယ်၊ Block လိုက်ပေါ့နော်။ အဲထက်ပိုပြီးတော့ လာပို့ရုံတင်မဟုတ်ဘဲ ကိုယ့်ကို အာရုံလာနောက်စေတယ်၊ ကိုယ့်မိသားစုတွေအထိပါ လိုက်ပြီးတော့ အာရုံလာနောက်နေပြီ၊ ကိုယ့်အချက်အလက်တွေပါဆိုပြီး လိုက်ပြောနေပြီဆိုရင်တော့ ၁ အချက်က ဒီလိုဖြစ်နေတဲ့ကာလမှာ မတုန်လှုပ်ဖို့ လိုတယ်။ ပျာယာခတ်မသွားဖို့ လိုတယ်ပေါ့နော်။
လက်ရှိ အခြေအနေကို သေချာလေး သုံးသပ်ပြီးတော့ မိသားစုနဲ့ သေချာစကားပြောပြထားတာမျိုး (ဒါကတော့ ဒီလိုအလုပ်ခံနေရတယ်) သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ ခုနက Facebook ပေါ်မှာဖြစ်ဖြစ်ပေါ့နော် ကိုယ်သုံးနေတဲ့ Social Media ကနေပြီးတော့ “ဒါ အလုပ်ခံနေရတယ်” ဆိုတဲ့အကြောင်း တတ်နိုင်သလောက် ပို့စ်တင်ထားတာမျိုး။
ကိုယ့်ကိုလာပြီးတော့ သိက္ခာချချင်တဲ့သူကို ကိုယ်က ပြန်ပြီးတော့ အခွီလုပ်ပြီး သိက္ခာချတဲ့ပုံစံမျိုး၊ “နင်တို့ ငါ့ကို ရှက်မယ်ထင်လို့၊ ကြောက်မယ်ထင်လို့ သိက္ခာလာချတဲ့ဟာက ငါ့အတွက်တော့ ကလေးအကွက်တွေပဲ” ဘာညာဆိုတာမျိုး၊ အဲလိုအခြေအနေမျိုးတွေနဲ့ ကိုယ့်ဘက်က စာကို အတည်ပေါက်နဲ့ရော ဒီကောင်တွေကို ရှက်သွားအောင် ဟာသနှောပြီး တင်တာမျိုးပေါ့နော်။ ဟာသဆန်ဆန် တင်တာမျိုးပေါ့နော်။
နောက်တစ်ခုက တစ်ယောက်တည်း ကြိတ်မှိတ်ပြီးတော့ ခံစားနေစရာမလိုဘူး၊ ကြောက်လန့်နေစရာမလိုဘူး။ ကိုယ်စိတ်ချယုံကြည်ရတဲ့သူတွေကို “ဒီလိုဒီလိုပဲ၊ ဒီလိုကြုံနေရတယ်။ ဒါလေး ကူညီပေးပါဦး” ဆိုပြီး ဝိုင်းဝန်းပြီး Report ထုတာဖြစ်ဖြစ်ပေါ့နော်။
အရင်ဆုံးအဆင့်က Block တာဖြစ်တယ်။ Block ပြီး နောက်ဆက်တွဲ အာရုံထပ်နောက်နေတာမျိုးဆိုရင် ခုနကလို နည်းလမ်းတွေနဲ့ အဆင့်ဆင့် ဖြေရှင်းလို့ရပါတယ်။ နောက်ဆုံးဗျာ ကိုယ်တိုင်က တကယ် ကိုယ့်အချက်အလက်တွေ ပါသွားတာမျိုးဆိုရင်တောင်မှ ကိုယ်ကိုယ်တိုင် ဝန်ခံစရာမလိုပါဘူး။ “ဒါတွေဟာ AI နဲ့ လုပ်ခံရတာမျိုး၊ ဒီဘက်ခေတ် နည်းပညာတွေနဲ့ လုပ်ခံထားရတာမျိုး” ဆိုပြီးတော့ အဲဒီအခြေအနေမျိုးတွေကနေပြီးတော့ တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုလာပြောနေရင် အဲဒီနည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ်။
နောက်တစ်ချက်က ကိုယ်က ဆိုရှယ်မီဒီယာ သုံးတော့မယ်ဆိုရင် ဆိုရှယ်မီဒီယာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (ဒီလိင်ပိုင်းဆိုင်ရာ Sexual Knowledge ပတ်သက်ပြီး ပြောတာမဟုတ်ဘူးနော်) ဆိုရှယ်မီဒီယာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သေချာနားလည်ထားဖို့ လိုတယ်။
ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာမှာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အဲလောက်ထိ မျှဝေဖို့မလိုပါဘူး။ စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင်မဟုတ်သရွေ့ မျှဝေဖို့မလိုပါဘူး။ ကိုယ်ဘယ်နယ်က၊ ကိုယ်ဘယ်သူလဲ ဘယ်ဝါလဲဆိုတာမျိုး အမြဲတမ်း ပြနေတာမျိုး၊ ပြီးရင် Public မှာ ကိုယ့်ရဲ့ မိသားစုအချက်အလက်တွေကို တောက်လျှောက် ထုတ်ပြနေတာမျိုး၊ ကိုယ့်ရဲ့မိသားစု… နောက်တစ်ခုက ကိုယ်တွေ့ကရာလူနဲ့ စကားပြောနေတာမျိုး၊ တွေ့ကရာလူတွေကို အကောင့်လက်ခံပြီးတော့ စကားပြောနေတာမျိုး။
အဲလိုအခြေအနေမျိုးတွေ… နောက်ထပ် အရေးကြီးတဲ့ အချက်က တွေ့ကရာလူ၊ ဝဘ်ဆိုက်တွေ၊ လင့်ခ်တွေမှာ ဝင်ပြီးတော့ ကိုယ့်ရဲ့ အချက်အလက်တွေကို ထည့်မိတာမျိုး၊ “ဒီလင့်ခ်ကိုဝင်၊ ဒီ Video File ကြည့်ရင် ဒီလင့်ခ်ကိုဝင်” ဆိုတာမျိုးတွေ၊ ဖုန်းနံပါတ်ရိုက်ထည့်၊ ပြီးရင် Facebook အကောင့်ရိုက်ထည့်ဆိုတာမျိုးတွေ ရိုက်ထည့်ရင်းနဲ့ ကိုယ့်အကောင့် ဟက်ခံရပြီးတော့ ပြဿနာတက်သွားတဲ့ Case တွေလည်း မနည်းဘူးပေါ့နော်။
ဆိုလိုတာက ဆိုရှယ်မီဒီယာ သုံးတော့မယ်ဆိုရင် ဒီဆိုရှယ်မီဒီယာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိထားဖို့လိုတယ်။ ဒါမှလည်း အာရုံနောက်စရာတွေ ဖြစ်မလာမှာပေါ့နော်။







