Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းနှင့် တွေ့ဆုံခြင်း
အွန်လိုင်းပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု ဖြစ်စဉ်များမှာ မြန်မာလူငယ်များအကြား စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာနေသည်။
သမီးရည်းစားအချင်းချင်းကြား ပုံ/ဗီဒီယိုများကို အလွဲသုံးစားပြုခြင်း၊ AI နည်းပညာဖြင့် ပုံများအတုဖန်တီးခြင်းနှင့် Dating App များမှတစ်ဆင့် လိင်အမြတ်ထုတ်ခြင်းများကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ကြုံတွေ့နေရသည်။
အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အကူအညီပေးနေသည့် Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
DW ။ ASV (Against Sexual Violence) အဖွဲ့က အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့အဖွဲ့ဆိုတာ သိထားပါတယ်။ ဘာကြောင့် ဒီအဖွဲ့ဖြစ်လာရတာလဲ၊ ဒီအဖွဲ့ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ထောင်ဖြစ်တာလဲ ဆိုတာရှင်းပြပေးပါ။
ဖြေ ။ ဒီအဖွဲ့ကို ၂၀၂၀ ခုနှစ်လောက်ကစပြီး ထူထောင်ခဲ့ကြတာဖြစ်တယ်။ ကျွန်တော်က ၂၀၂၁ ခုနှစ်၊ ဒီ Revolution ကာလ စတဲ့အချိန်ကစပြီးတော့ အခုချိန်ထိ တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတာပေါ့နော်။
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီအဖွဲ့ဖြစ်ပေါ်လာရလဲဆိုရင် ဒီအင်တာနက်တွေ ခေတ်စားလာတဲ့ကာလ၊ ကိုဗစ်ကာလမှာဆိုရင် အိမ်ထဲမှာပဲဆိုတော့ လုံးဝ လူတိုင်းက အင်တာနက်ကိုပဲ အများဆုံး သုံးကြတာကိုး။
အဲဒီအခြေအနေမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ လူငယ်ထုကြားမှာ၊ အထူးသဖြင့် မြန်မာလူငယ်ထုကြားထဲက ယောက်ျားလေးအများစုကြားမှာ အရမ်းခေတ်စားလာတယ်ပေါ့နော်။ သမီးရည်းစားအချင်းချင်းကြားမှာ Video File တွေ ရိုက်ထားတဲ့ Nude တွေ၊ Photos တွေ၊ မိန်းကလေးတွေရဲ့ ကာယအိန္ဒြေကို ယောက်ျားလေးတွေအနေနဲ့ စိတ်အာသာဖြေလို့ရနိုင်တဲ့ မှတ်တမ်းတွေ၊ Video File တွေက ယောက်ျားလေးထုကြားမှာ အရမ်းပြန့်နှံ့လာတယ်ပေါ့နော်။
ဒါက ပုံမှန်ပြန့်နှံ့လာတဲ့ အခြေအနေတစ်ခုတည်း မဟုတ်ဘဲ တစ်ဖက်မိန်းကလေးတွေရဲ့ ဒီ Video File တစ်ခုချင်းစီတိုင်း၊ သူတို့ ဖြန့်လိုက်တဲ့ Content တစ်ခုချင်းစီတိုင်းက တစ်ဖက်မိန်းကလေးတွေရဲ့ ဘဝ၊ သိက္ခာ၊ သူတို့ရဲ့ အနာဂတ်တွေ အများကြီး ရင်းထားရတယ်ဆိုတာကို ကျွန်တော်တို့ လူထုကြားမှာ ဘာမှ သတိမမူမိတဲ့ အခြေအနေ ဖြစ်နေတယ်ပေါ့နော်။
ဒါကို မမျှဝေသင့်တဲ့ ကိစ္စရယ်လို့ ဘယ်သူမှ မသိကြဘူး။ သိနေတဲ့လူအနည်းစုကလည်း ဒါကို ကာကွယ်ပေးတဲ့ အခြေအနေမရှိဘူးပေါ့နော်။ မရှိတဲ့အခြေအနေမှာ ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ မိန်းကလေးတွေမှာ အရမ်းနစ်နာနေတယ်။ မစားရ ဝခမန်း အဲဒီချန်နယ်တွေ၊ ဂရုတွေ၊ ဝဘ်ဆိုက်တွေမှာ သူတို့ရဲ့ နေရပ်လိပ်စာတွေ၊ ဓာတ်ပုံတွေ၊ ဒီဆိုရှယ်မီဒီယာအကောင့်တွေကစလို့ ကိုယ်ရေးအချက်အလက်တွေအစုံ၊ ဒီမိန်းကလေးတွေရဲ့ Sexual Data တွေအစပေါ့နော်၊ ဒါတွေအကုန်လုံးကို တင်ခံနေရတဲ့အချိန်မှာ အထူးသဖြင့် ကျွန်တော်တို့ မြန်မာမိန်းကလေးထုကြားမှာ အဲဒါက အကာအကွယ်မဲ့နေတယ်လို့ ကျွန်တော် မြင်လာတယ်ပေါ့နော်။
နောက်ထပ် အရေးကြီးတဲ့အချက်က ဒီဟာကို တိတိပပ ကာကွယ်ပေးနိုင်တဲ့ ဥပဒေက မရှိဘူးဖြစ်နေတယ်ပေါ့နော်။ ဒီနောက်ပိုင်းမှာ အနည်းအကျဉ်း ဒီဥပဒေရပ်တွေ မြင်လာရတယ်ဆိုပေမဲ့ အရင်နှစ်ကာလတွေတုန်းက ဒီလိုအခြေအနေမျိုး မိန်းကလေးတစ်ယောက် ဒီလိုပုံစံမျိုးနဲ့ အရှက်ခွဲခံနေရရင်၊ အကြမ်းဖက်ခံနေရရင် သို့မဟုတ် ဒီဟာနဲ့ အလွဲသုံးစားလုပ်ခံနေရရင် အဲဒီဟာကို တိတိပပ ကာကွယ်ပေးနိုင်တဲ့ ဥပဒေရပ် မရှိဘူး။
ကာကွယ်ပေးနိုင်တဲ့ ဥပဒေရပ် ရှိခဲ့တယ်ဆိုရင်တောင်မှ မိန်းကလေးတွေက ဒါကို ရှေ့ထွက်ပြီးတော့ ရင်ဆိုင်နိုင်တဲ့သတ္တိက ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရဆိုရင် လုံးဝ မရှိသေးဘူးပေါ့နော်။
ဒီလို အကာအကွယ်မဲ့နေတဲ့ အခြေအနေကို ကျွန်တော်တို့ တားဆီးဖို့၊ ပြီးရင် အဲဒီ အကာအကွယ်မဲ့ခြင်းတွေကို ကျွန်တော်တို့က ပြန်ကာကွယ်ပေးဖို့ပေါ့နော်။ အဲလိုအခြေအနေမျိုးကနေ စပြီးတော့ တစ်ဦးစ နှစ်ဦးစ(ကိုကူညီပေးရာ)ကနေပြီးတော့ ထူထောင်ဖြစ်ခဲ့ကြတာပါ။
DW ။ အခုလက်ရှိအချိန်ထိဆိုရင် ဒီအဖွဲ့မှာ လာရောက်တိုင်ကြားတဲ့ ဖြစ်စဉ်တွေ ဘယ်လောက်များများ ရှိနေလဲပေါ့ရှင့်။ ဒီတိုင်ကြားမှုတွေမှာရော ဘယ်လိုပုံစံမျိုးနဲ့ အကူအညီပေးနေလဲရှင်။
ဖြေ ။ ကျွန်တော်တို့ဆီကို ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ အကူအညီတောင်းတဲ့အရေအတွက် ပျမ်းမျှအားဖြင့်ဆိုရင် တော်တော်ကို များပါတယ်။ ကျွန်တော်တို့ ကူညီလိုက်နိုင်တာတွေကို Case နံပါတ်တပ်ထားတာရှိတယ်ပေါ့နော်။ Case ဆိုရင် အခုဆို ငါးထောင်ကျော်နေပြီပေါ့နော် (၅၁၈၇ ခု)။ အဲဒီထောင်ဂဏန်းက ကျွန်တော်တို့ ကူညီပေးလိုက်လို့ အောင်မြင်သွားတဲ့ အရေအတွက်ပေါ့နော်။
နောက်တစ်ရပ်က ကိုယ်တိုင်ကိုယ်ကျ အခုလိုမျိုး လာပြီးတော့ အကူအညီတောင်းတဲ့အခါမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရှင်းပေးတယ်။ နောက်တစ်ကြောင်းက ဒီ Local Channel တွေကို ဖြတ်ချတာပေါ့နော်။ Telegram သို့မဟုတ် ဒီမှာရှိနေတဲ့ ဝဘ်ဆိုက်တွေဖြစ်ဖြစ်၊ Facebook ဆိုရင်လည်း Facebook မှာ Group ပုံစံမျိုးတွေကို ဖြတ်ချတာမျိုး၊ TikTok ဆိုရင်လည်း TikTok အကောင့်တွေကို ကျွန်တော်တို့ ဖြတ်ချတာမျိုးပေါ့နော်။
အထူးသဖြင့် အများစုရဲ့ လှုပ်ရှားမှုက Telegram ချန်နယ်တွေမှာ ပလူပျံနေတာဖြစ်တဲ့အတွက် အဲဒီ Telegram ချန်နယ်တွေကို ကျွန်တော်တို့တွေ ဖြတ်တယ်။ ဖြတ်တယ်ဆိုလည်း အဲဒီဖြတ်ထားတဲ့ ချန်နယ်အရေအတွက်တွေကိုလည်း ကျွန်တော်တို့တွေ မှတ်ထားတယ်ပေါ့နော်။ အဲလိုမျိုးတွေနဲ့ ကျွန်တော်တို့က နည်းလမ်းနှစ်မျိုးနဲ့ ကူညီပေးနေပါတယ်။
ဒီ Case ကို ကာယကံရှင်ကိုယ်တိုင် လာပြီး အကူအညီတောင်းတဲ့ ဟာမျိုးတွေဆိုရင် (ခြိမ်းခြောက်ခံနေရတာမျိုး၊ ဖြန့်ခံနေရတာမျိုးဆိုရင်) အဲဒီဇစ်မြစ်ကို အစအဆုံးသေချာလိုက်ပြီးတော့ သေချာဆွေးနွေးတယ်၊ ဖြန့်ထားတဲ့လူကို တာဝန်အပြည့်အဝ ယူခိုင်းတယ်၊ မဖြန့်ရသေးဘူးဆိုရင် လုံးဝ မဖြန့်တော့အောင် အဲလိုကိစ္စရပ်တွေကို လုံးဝ တားဆီးတဲ့အခြေအနေမျိုး၊ အဲဒါက တစ်ပိုင်းပါ။ ပြန့်သွားပြီးတဲ့ Video File မှတ်တမ်းမှန်သမျှကို ကျွန်တော်တို့က လိုက်ဖျက်တဲ့ ပုံစံမျိုးပေါ့နော်။ ချန်နယ်တွေဆိုရင် အခကြေးငွေယူပြီး လုပ်စားနေတဲ့ ချန်နယ်တွေက ကျွန်တော်တို့နိုင်ငံမှာ ပလူပျံနေတာပဲ၊ မမြင်ချင်မှအဆုံးဗျာ။
DW ။ တိုင်ကြားသူတွေထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ ကျူးလွန်ခံရတာလဲ၊ ကျူးလွန်သူတွေက ဘယ်သူတွေလဲ၊ ကျူးလွန်ခံရသူတွေကရော ဘယ်သူတွေဖြစ်မလဲရှင်။
ဖြေ ။ အဲဒီအချက်က အရေးကြီးတယ်ဗျ။ ၈၀ ရာခိုင်နှုန်း သို့မဟုတ် ၉၀ ရာခိုင်နှုန်းလောက်က သမီးရည်းစားတွေ ပြတ်စဲပြီးမှ ယောက်ျားလေးတွေဘက်က ဒါကို မကျေနပ်လို့ ဖြန့်တာရယ်၊ ဖြန့်မယ်လို့ ခြိမ်းခြောက်တာရယ်၊ အဲဒီ Video File တွေ မှတ်တမ်းတွေကို ယူထားပြီးတော့ အဲဒီမှတ်တမ်းတွေနဲ့ အကြပ်ကိုင်တာပေါ့နော်။
“ငါ့ကို ဘာလုပ်ပေး” ဆိုပြီး ငွေကြေးအကြပ်ကိုင်တာတော့ နည်းပါတယ်။ အများစုက သူတို့ဆီ ပြန်လာဖို့၊ နောက်ထပ် ပိုဆိုးတာက ဒီလိင်ပိုင်းဆိုင်ရာအနေနဲ့ လာပြီးတော့ အမြတ်ပြန်ထုတ်တဲ့ သဘောပေါ့နော်။ “သူတို့ခေါ်တဲ့နေရာလာ၊ လိုင်းမှာဆိုလည်း Sex Chat ပေး” ဘာညာပေါ့နော်၊ အများစုက အဲလိုလာကြတာ။ အထူးသဖြင့်ကတော့ ပြတ်သွားတဲ့ စုံတွဲတွေရဲ့ နောက်ဆက်တွဲ၊ ယောက်ျားလေးဘက်က ဒီအခြေအနေပေါ်မှာ စိတ်ယုတ်စိတ်မာမွေးပြီးတော့ အခုလိုမျိုး ဖြန့်တဲ့ အခြေအနေပေါ့နော်။
Telegram က ဒီဟာက ဈေးကွက်တစ်ခုလို ဖြစ်နေတာဗျာ။ အဲဒီအမှောင်ထုထဲမှာဆိုရင် ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေတာဆိုတော့ အထူးသဖြင့် ကျူးလွန်ခံရတဲ့ မိန်းကလေးတွေက သမီးရည်းစားစုံတွဲ ပြတ်သွားတဲ့နောက်ဆက်တွဲ ခုနလိုမျိုး ယုတ်မာတဲ့သူတွေပေါ့နော်၊ ယုတ်မာတဲ့ကောင်တွေရဲ့ လက်ချက်တွေချည်းပါပဲ။
ပြတ်သွားတဲ့ အတွဲတိုင်းလည်း မဟုတ်သေးပါဘူး။ စုံတွဲတိုင်းတော့ ဒီလိုပြတ်သွားရင် ဖြန့်တာမျိုးတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ အများစုက ပြတ်သွားတဲ့သူတွေရဲ့ အခြေအနေမျိုးပါ။
နောက်တစ်ချက်က အကောင့်တွေ ဟက်ခံရတာမျိုး၊ ယောက်ျားလေးရော မိန်းကလေးရော နစ်နာတဲ့ အခြေအနေမျိုးပေါ့နော်။ အကောင့်ဟက်ခံရတဲ့ အခြေအနေမျိုးမှာ အပြန်အလှန် ပို့ထားတဲ့ Video File ပါသွားတာမျိုး၊ ဖုန်းတွေ ကျပျောက်သွားတာမျိုး…
နောက်တစ်ချက်က ကိုယ်သွားပြီးတော့ ဖုန်းပြင်ဆိုင်တွေဘာတွေမှာ သွားပို့ရင်းနဲ့ အဲဒီဖုန်းပြင်ဆိုင်တွေက စည်းမစောင့်တဲ့ အခြေအနေတွေကနေပြီးတော့ နောက်ဆက်တွဲ ဖြစ်သွားတာမျိုး Case တွေ တော်တော်ရှင်းပေးရတာ ရှိတယ်။ ရှင်းနေဆဲ Case တွေလည်း ရှိတယ်ပေါ့နော်။
နောက်တစ်ချက်ကတော့ မနူးမနပ်အရွယ်လေးတွေ၊ ဆယ်ကျော်သက်အရွယ်လေးတွေရဲ့ Litmatch (မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှ ဆယ်ကျော်သက်များအကြား ခေတ်စားသည့် အွန်လိုင်းသူငယ်ချင်းရှာသည့် app)တို့၊ ဂိမ်းဆော့ဖို့ ပေးထားတဲ့ အခြေအနေမျိုးတို့၊ Dating App တွေကနေ တွေ့ကြပြီးတော့ အပြန်အလှန် စကားပြောကြ၊ Chatting ထိုင်ကြ၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးမိပြီးတော့ ယောက်ျားလေးတွေကို အယုံလွယ်ပြီးမှ အဲဒီကနေပြီးမှ အဖြန့်ခံရတဲ့ အခြေအနေမျိုးတွေပေါ့နော်။
အများစုက Dating App ကနေ လာပြီးတော့ ဆက်သွယ်တယ်ဆိုကတည်းက သေချာတယ်၊ ၉၀ ရာခိုင်နှုန်းလောက်က အဲဒီအတွက်ပဲ။ ရင်းနှီးအောင်လုပ်မယ်၊ လိင်အမြတ်ထုတ်မယ်၊ ပြီးရင် အဲဒီအမြတ်ထုတ်လို့ ရလာတဲ့ အဲဒီအမြတ်ကိုပဲ အခကြေးငွေ ထပ်ယူမယ်၊ အဲလိုအခြေအနေမျိုးတွေပါ။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ ထောင်ချီတဲ့ Case တွေက အဲဒီအခြေအနေမျိုးကနေ လာတာချည်းပဲ။
DW ။ အဲဒီထဲကမှ ဖြေရှင်းပေးခဲ့တဲ့ အမှုအရေအတွက်က ဘယ်လောက်ရှိသလဲ၊ မဖြေရှင်းပေးနိုင်တဲ့ အမှုတွေကရော ဘယ်လောက်ရှိသလဲရှင်။
ဖြေ ။ အခုချိန်ထိတော့ ကျွန်တော်တို့ဆီ ရောက်လာတဲ့ Case တိုင်းမှာ မဖြေရှင်းလိုက်နိုင်လို့ လက်လွှတ်လိုက်ရပြီ၊ “ဒီ Case တော့ ငါတို့ လက်လွှတ်လိုက်ရမယ်” ဆိုတဲ့ Case အခုချိန်ထိတော့ မရှိသေးပါဘူး။
ကျူးလွန်သူရဲ့ ဒေတာအချက်အလက်ကို သိတယ်ဆိုရင် 100% ကာကွယ်နိုင်ခြေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို လာပြီး ခြိမ်းခြောက်ခံနေရလို့ပါ၊ ဒီဟာကို ဖြန့်ခံနေရလို့ပါဆိုရင် အဲဒီ Source ကို ရှာပြီး တောက်လျှောက်ပေါ့နော်၊ ကျွန်တော်တို့တွေက ဖိအားမျိုးစုံပေးတယ်၊ အဆင့်ဆင့်သွားတယ်ပေါ့နော်။
ဆိုရှယ် Private ကနေ ရှင်းတယ်။ ဒီဟာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဒီရဲ့ အချက်အလက်တွေကို လုံးဝ နောက်ထပ် နောက်ထပ် ဒီမိန်းကလေးရဲ့ သိက္ခာပိုင်းဆိုင်ရာ မနစ်နာရလေအောင် တကယ် Safe ဖြစ်ဖို့က အဓိကပဲဆိုတော့ အဲဒီအပိုင်းကို အဓိကထားတယ်။ အဲဒီမိန်းကလေး စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် သိက္ခာပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝ ရစေဖို့ဆိုတဲ့ အချက်ကို ဦးစားပေး ဆောင်ရွက်ပါတယ်။







