ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြစ်ထဲ မိကျောင်း ဘာကြောင့် ရောက်လာတာလဲ

July 2, 2026

သီချင်းထဲတွင်သာ မဟုတ်တော့ပေ။ ထားဝယ်မြစ်ထဲ အမှန်တကယ်ပင် မိကျောင်း တွေ့ရှိလာတော့သည်။

တွေ့မြင်ရလေ့မရှိသည့် မိကျောင်း ထားဝယ်မြစ်ထဲသို့ ရုတ်တရက် ရောက်ရှိလာမှုအပေါ် မေးခွန်းများစွာလည်း ရှိနေသည်။ မိကျောင်းများသည် သဘာဝအလျောက် စားကျက်ပြောင်းလာခြင်းလော၊ သတ္တုလုပ်ငန်းများလိုမျိုး လူ၏ပယောဂကြောင့် စားကျက်ပြောင်းလာခြင်းလော၊ သို့တည်းမဟုတ် ရာသီအကူးအပြောင်းတွင် အစာရှာစားရန် ရောက်ရှိလာခြင်းလော စသဖြင့် … ။

တနင်္သာရီတိုင်းသည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေသယံဇာတ ပေါကြွယ်ဝသည်။ ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေချို၊ ရေငန်၊ ရေဝပ် စသည့် ဒေသများလည်းတည်ရှိပြီး ဂေဟစနစ် အတွက် အပင်နှင့် သတ္တဝါ အပြန်အလှန် ထိန်းကျောင်းမှုများလည်း တွေ့ရသည်။

ယင်းသို့ ထိန်းကျောင်းမှုများတွင် အာဟာရမျှတရေးနှင့် ရေလမ်းကြောင်းသန့်ရှင်းရေးကဏ္ဍမှာ ဂေဟစနစ်ထဲ လည်ပတ် နေသည့် သမိုင်းဦးသက်ရှိဟု ဆိုကြသည့် မိကျောင်းကိုလည်း တနင်္သာရီတိုင်းတွင် ရံဖန်ရံခါ ရှားရှားပါးပါးတွေ့ရလေ့ ရှိတတ်သည်။

မိကျောင်းသည် အန္တရာယ်ရှိသည့် သားရဲသတ္တဝါတစ်ကောင်ဖြစ်သည့် အလျောက် မိကျောင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း မျှဝေနိုင်ရန် အရေးကြီးသည်။

ထို့ကြောင့် မိကျောင်းများ ကျက်စားနေသည့်နေရာမျိုးကို မည်ကဲ့သို့ သိနိုင်မည်နည်း၊ မိကျောင်း အန္တရာယ်ပြုခြင်း မခံရစေရန် မည်သို့ လုပ်ဆောင်ရမည်နည်း အပါအဝင် ထားဝယ်မြစ်ထဲ၊ တနင်္သာရီတိုင်းထဲက မိကျောင်းများ အကြောင်းနှင့် ပတ်သက်ပြီး မြိတ်၊ ကော့သောင်းခရိုင်အတွင်းရှိ သစ်တောကြိုးဝိုင်းများကို ကွင်းဆင်းလေ့လာနေသည့် ဇီဝသုတေသီ တစ်ဦးနှင့် Dawei Watch က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

DW ။ ထားဝယ်မြစ်ထဲမှာ အရင်က မိကျောင်းမတွေ့ဖူးဘဲ အခုစတွေ့ရတယ်လို့ဆိုတယ်ပေါ့ ။ အဲဒါက ဘာကြောင့် ဖြစ်နိုင်သလဲ။

ဖြေ ။ သူ (မိကျောင်း) အရင်နေတဲ့ ပင်လယ်ဝမှာထက် မြစ်ထဲမှာ အစားအစာပိုပေါလို့ လာတာလည်းဖြစ်နိုင်တယ်။ သူ့တို့ သဘာဝအရ ရာသီအလိုက်ပြောင်းတာလည်း ဖြစ်နိုင်တယ် ။ ရာသီဥတုပြောင်းလဲမှုကြောင့် သူတို့ရဲ့နေထိုင်ရာ မိတ်လိုက် ဥချရာပြောင်းတာလည်းဖြစ်နိုင်တယ်။ အရင်ကတည်းက ပျံ့နှံ့ကျက်စားခဲ့ဖူးတာလည်းဖြစ်နိုင်ပါတယ်။ ထားဝယ်သီချင်း (မိကျောင်းနဲ့ပတ်သက်တဲ့ ဒေသိယသီချင်း) ရှိဖူးတာရယ် ကြောင့်ပေါ့လေ။ သူ့တို့ရဲ့ အရင်စားကျက် နေရာတွေ မှတ်တမ်း ရယ် ကြောင့်လည်း အရင်ကတော့ မိကျောင်းတွေ (ထားဝယ်မြစ်တစ်လျှောက်မှာ) ပျံ့နှံ့ကျက်စားရာ ဖြစ်ခဲ့ပါလိမ့်မယ်။ အရင်က (မိကျောင်းရှိ၊ မရှိ) အခြေအနေကိုတော့ ပင်လယ်ကမ်းနားဘက် ဝမ်းစာရှာဖွေအသက်မွေးတဲ့ ဒေသခံအဘိုးအဘွား တွေကို မေးကြည့်ရပါမယ်။ စားကျက်ပြောင်းလာတာက မိကျောင်းတွေ အရင်နေထိုင်ခဲ့တဲ့နေရာမှာ လူ့ပယောဂကြောင့်၊ သဘာဝအလျောက် အစားအစာရှားလာလို့ ချောင်းပေါ် တက်လာတာမျိုးကို ဆိုလိုတာပါ။ လူ့ပယောဂ က စက်မှုလုပ်ငန်း တွေ၊ ရေယာဥ်အကြီးကြီးတွေ အသွားအလာ များလာတာတွေ၊ အိမ်ရာတွေ တိုးချဲ့တာတွေ၊ ဒီရေတောတွေ ခုတ်ပစ်တာတွေ၊ စွန့်ပစ်မြေစာပုံတွေ၊ သတ္တုလုပ်ငန်းတွေ ပါဝင်ပါတယ်။ မိကျောင်းတွေက သူတို့ နေထိုင်ရာနေရာ အဆက်ပြတ်သွားတာ မျိုးလည်း ဖြစ်တတ်တယ်။ ဥပမာ မိကျောင်း တစ်ကောင်နဲ့တစ်ကောင်က ၆မိုင်လောက် အကွာအဝေးမှာ နေတယ်ဆိုရင် ကြားထဲမှာ အလယ်က တစ်မိုင်၊ နှစ်မိုင်လောက်ကို မြေဖို့ပစ်လိုက်ရင် သူတို့မျိုးဆက် ပြန့်ပွားဖို့က အဆက်ပြတ်သွားတယ်။ အဲဒီလို အဆက်ပြတ်တဲ့အခါမှာလည်း နေရာပြောင်းတာတွေ ရှိတတ်တယ်။ ရာသီဥတုအပိုင်းမှာဆိုရင် အခုနှစ်ပိုင်းတွေမှာ မတရားပူပြင်းလာတယ်။ အဲဒီအခါမှာ ပင်လယ်က ရေစီးကြောင်းပြောင်းတယ်။ ရေအပူချိန်ပြောင်းတယ်။ အခြား မလိုအပ်တဲ့ ဇီဝဗေဒအရရော၊ မိုက်ခရိုပလပ်စတစ်တွေလို အမှိုက်တွေလည်း တအားပေါများလာတယ်။ ရေစီးကြောင်း ပြောင်းတာ၊ ရေအပူချိန်ပြောင်းတာနဲ့ ရေထဲက ဓာတ်ပစ္စည်းတွေ ပြောင်းလဲတာက ရေနေသတ္တဝါအချို့ နေရာရွှေ့ပြောင်း စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်။ ဒါက မိကျောင်းမှ မဟုတ်ဘူး ။ ရေထဲမှာနေတဲ့ငါးတွေလည်း နေရာပြောင်းတာ မကြာမကြာတွေ့လာရတယ်။ ပြောရမယ်ဆိုရင် ရေငန်ငါးတွေ ရေချိုထဲပြောင်းလာကြတယ်။ ဒီပြောင်းလဲနေမှုတွေကို လေ့လာသူမရှိသေးပေမယ့် ပြောင်းလဲမှုတွေက ဖြစ်နေတယ်ဆိုပြီး ပညာရှင်တွေက ထောက်ပြကြတယ်။ နောက်တစ်ခုက မိကျောင်းတွေရဲ့နေရင်း ဒေသတွေဆုံးရှုံးလာတာ နဲ့ အရင်စားကျက်တွေ ဆုံးရှုံးလာတာက နေရာပြောင်းစေဖို့ အဓိကအချက် ဖြစ်တယ် ။ အခု ထားဝယ်မြစ်ထဲမှာ တွေ့ရတာက အကောင်အရေအတွက်အားဖြင့်လည်း နည်းတာကြောင့် မိတ်လိုက်ရာသီ ကြောင့်မို့လို့ ရေချိုမြစ်ထဲ တက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စားကျက်အနေနဲ့ အစုလိုက်ရွှေ့ပြောင်းလာကြတာ ဟုတ်မဟုတ်က စောင့်ကြည့်ရမှာပါ။ စောင့်ကြည့်ပေးမယ့် အဖွဲ့အစည်းတွေ၊ လူတွေတော့ လိုတာပေါ့။

DW ။ တနင်္သာရီတိုင်းမှာ မိကျောင်းနဲ့ပတ်သက်ပြီး ဘယ်လိုအချက်အလက် မှတ်တမ်းတွေရှိသလဲ။

ဖြေ ။ များသောအားဖြင့် တနင်္သာရီမြစ်ဝ အဲဒီဘက်မှာ ကျင်လည်ကျက်စားကြတယ်။ တနင်္သာရီမြစ်ဝက ရေချိုရေငန်စပ်တဲ့ ဒေသဖြစ်တယ်။ မြစ်တစ်လျှောက်က ရွာတွေမှာ တွေ့ရလေ့ ရှိပါတယ်။ မြိတ်ဘက်မှာဆိုရင် စခန်းသစ် အဲဒီနေရာတွေမှာ ရှိတယ်။ ဒါပေမဲ့ တစ်ခါမှ အချက်အလက်အသေးစိတ် မရခဲ့ဘူး။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မိကျောင်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးလုပ်တဲ့ WWF (World Wide Fund for Nature) တို့ WCS (The Wildlife Conservation Society) တို့က လုပ်တာ တွေ ရှိတယ်။ ဒါပေမဲ့ မိကျောင်းထိန်းသိမ်းရေးပတ်သက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အချက်အလက် စစ်တမ်းကောက်ယူတာ မရှိသေးဘူး။ WCS တို့ တခြားသုတေသီတွေ သုတေသနလုပ်တာက များသောအားဖြင့် ဧရာဝတီတိုင်း မိန်းမလှကျွန်း ဘက် မှာပဲ များတယ်။ ဒါကြောင့် တနင်္သာရီတိုင်းအတွက် မိကျောင်းနဲ့ပတ်သက်တဲ့ သီးသန့်အချက်အလက်တော့ မရှိသေးဘူး။

DW ။ တနင်္သာရီတိုင်းမှာ မိကျောင်းအမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိနိုင်လဲ။

ဖြေ ။ ဒါက (အသေးစိတ် သုတေသနပြုထားတဲ့) အချက်အလက် မရှိသေးဘူး။ တနင်္သာရီတိုင်းမှာ အချက်အလက် ပျောက်နေဆဲ သတ္တဝါတွေ အများကြီးရှိတဲ့အတွက် မိကျောင်းကိုလည်း သေချာ မခွဲနိုင်သေးဘူးပေါ့။ များသောအားဖြင့် ရေငန်မိကျောင်း (Crocodylus porosus) တွေ့ရ များပါတယ်။

DW ။ မိကျောင်းတွေက ရေချိုချောင်းတွေ၊ ရေငန်စပ်တဲ့ မြစ်တွေထဲရောက်လာတာက ဘာတွေကြောင့်ဖြစ်နိုင်လဲ။

ဖြေ ။ စားကျက်ရွှေ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မိကျောင်းတွေရဲ့ သဘာဝကလည်း ဧပြီလကနေ နိုဝင်ဘာ လလောက်အထိက မိတ်လိုက်တယ်၊ နေရာရွှေ့ပြောင်းတယ်၊ အဲဒီလို သဘာဝရှိတယ်။ ဒါမှမဟုတ် လူတွေရဲ့ အခြား စီးပွားရေးဆိုင်ရာ အကြောင်းအရာ (ဥပမာ – သတ္တုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လူနေဧရိယာတိုးပွားလာခြင်း စသဖြင့်) တစ်ခုခုကြောင့် သူတို့ရဲ့ စားကျက်တွေပျောက်သွားရင် ပြောင်းတာမျိုးပေါ့နော်။ အခု ထားဝယ်မြစ်ထဲမှာ တွေ့သလို တစ်ကောင်၊ နှစ်ကောင်တည်း တွေ့တာဆိုရင်တော့ ရာသီအကူးအပြောင်းမှာ ဒီအတိုင်း အစာရေစာ ရှာဖို့ ချောင်းထဲ လိုက်လာတဲ့ ပုံစံဖြစ်ဖို့များပါတယ်။

DW ။ မိကျောင်းတွေက ဘယ်နေရာတွေမှာ ကျင်လည်ကျက်စားတာများလဲ။

ဖြေ ။ ကျွန်တော်တို့ဘက်မှာတွေ့ရတာ များသောအားဖြင့် ရေချို၊ ရေငန်အစပ်တွေမှာ တွေ့ရများပါတယ်။ ဒါပေမဲ့ မိုးကောင်းတဲ့ ရာသီမှာ အစာရေစာရှားပါး၍သော်လည်းကောင်း၊ ရေချိုမြစ်တွေ၊ ချောင်းတွေထဲကို မိကျောင်းဝင်တာမျိုး ကတော့ မကြာမကြာ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်ဖြစ်စဥ် မဟုတ်ဘူးပေါ့နော်။ နှစ်တိုင်း ၊ နှစ်တိုင်း လာမယ်လို့ ပြောလို့မရဘူး။ ၂၀၁၇ မှာတစ်ကြိမ်၊ ၂၀၂၂ မှာ တစ်ကြိမ်၊ ၂၀၂၄ မှာတစ်ကြိမ် တနင်္သာရီမြစ်ရဲ့ ချောင်းခွဲ သကျက်ချောင်း မှာတွေ့တယ်။ အခုတစ်ခါ ထားဝယ်မြစ်ရယ်ပေါ့။ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုရွာအနားမှာ ရွာသားတွေ မိကျောင်းဖမ်းမိ ခဲ့တာ တစ်ခါရှိတယ်။ နောက်ထပ် ကျွန်းစုမြို့နယ်မှာတော့ လူနဲ့သတ္တဝါတွေကြားက ပဋိပက္ခ ကိုက်ခံရတဲ့ ဖြစ်စဥ်တွေ ရှိဖူး တယ်။ ဖြစ်စဥ်တွေကို ဘယ်နေရာမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ သေချာမှတ်တမ်းတင်နိုင်ခဲ့တာမရှိဘူး။ ဒါကို သုတေသန လုပ်မယ့်လူ မရှိသေးတာလည်းပါတယ်။ ပြီးရင် သက်ဆိုင်ရာဌာနဆိုင်ရာတွေကလည်း တွေ့တယ်။ ဒါပေမဲ့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုတော့ အချက်အလက်ရဖို့ အားနည်းနေသေးတယ်။

DW ။ လူတွေအနေနဲ့ မိကျောင်းက အန္တရာယ်တွေကို ဘယ်လိုကာကွယ်ရမလဲ။

ဖြေ ။ သိပ္ပံ မှတ်တမ်းတွေအရ ဇွန်၊ ဇူလိုင်လတွေဟာ မိကျောင်းတွေ ဥချသားပေါက်တဲ့ရာသီဖြစ်တော့ ပုံမှန်ထက် ဒေါသကြီး ရန်လိုတတ်တယ်။ အဲဒီလိုကာလတွေမှာ ရွာသူရွာသားတွေအနေနဲ့ မိကျောင်း တွေ့ရတဲ့နေရာတွေကို အမှတ်အသား တစ်ခုခု လုပ်ထားတာ၊ ငါးဖမ်းသွား၊ ပိုက်မျောသွားရင် တစ်ယောက်တည်း မသွားဘဲ အဖော်နဲ့သွားတာတွေ၊ ညဘက်ဆို ဓာတ်မီး တွေနဲ့ သွားတာမျိုးတွေ လုပ်ရင်တော့ ပိုကောင်းတာပေါ့။ အဲဒါအပြင် အခြားဟာက လုပ်လို့မှမရတာ။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့က ဒီနေရာက မိကျောင်းတွေ စားကျက်အနေနဲ့ ရွှေ့လာတာ ဟုတ်၊ မဟုတ် တစ်ခါတရံလာတာလား အဲဒီလိုမျိုး စစ်ဆေးကြည့်တာလည်းလုပ်သင့်တယ်။ အဲဒီလို စစ်ဆေးပေးလိုက်ရင် လုပ်စားကိုင်စားသူ၊ ရွာသူရွာသား တွေလည်း စိတ်အေးလက်အေး လုပ်စားလို့ရတာပေါ့။ မသွားရဲ မလာရဲတာတွေ မဖြစ်တော့ဘူး။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင် လူနဲ့ သတ္တဝါတွေကြားက အမုန်းတရားတွေက ပိုတိုးလာနိုင်တယ်။

DW ။ မိကျောင်းသိုက် (သို့မဟုတ်) စားကျက် ဟုတ်မဟုတ် ဆိုတာက ဘယ်လိုအတည်ပြုနိုင်မလဲ။

ဖြေ ။ မိကျောင်းသိုက် (အခြေချနေထိုင်ရာစားကျက်) လိုမျိုး နေတဲ့နေရာတွေမှာက ညှီနံရတယ်။ ငှက်သေကောင်ပုပ်တွေ၊ အကောင်ပုပ်တွေ၊ သစ်ကိုင်းခြောက်တွေ၊ ဒီရေတောထဲက ခြုံပင်တွေနဲ့ အသိုက်ပုံစံလုပ်ထားတာတွေ တွေ့ရတတ်တယ်။ ရွှံ့ပြင်၊ လတာပြင်တွေမှာ မိကျောင်း တွားသွားထားတဲ့ ဗိုက်အရာတွေ ကျန်နေတာလည်းတွေ့ရတတ်တယ်။ အဲဒီအချက်တွေနဲ့ စစ်ကြည့်လို့ရတယ်။

DW ။ မိကျောင်းသိုက်အဖြစ် သိရရင် ဘာတွေပြုလုပ်သင့်လဲ။ ဘာတွေဆင်ခြင်သင့်သလဲ။

ဖြေ ။ ပထမဆုံးကတော့ မိကျောင်း ရှိကြောင်း ဆိုင်းဘုတ်ထောင်ရမယ်။ ထိန်းသိမ်းရေးကတော့ ဒီကာလမှာ လုပ်ပေးမယ့် အဖွဲ့အစည်း ရှိ မရှိ မသိဘူး ။ တော်ကြာ မိကျောင်းသိုက်ကို ပိုက်ဆံမရ ဘာမရနဲ့ အာဏာပိုင်တွေရော၊ ရွာသားတွေရောက မိကျောင်းမွေးထားတယ်ဆိုပြီး ထိန်းသိမ်းသူတွေကို အပြစ်တင်တာလည်း ခံရနိုင်တယ်။ တစ်ဖက်မှာလည်း စားဝတ်နေရေး အခက်အခဲအရ မိကျောင်းဥတွေ ခိုးရောင်းတာတို့၊ မိကျောင်းဖမ်းရောင်းတာတွေလည်း အများကြီးဖြစ်လာနိုင်တယ်။ ဆိုတော့ ဒီလိုကာလမှာ မိကျောင်းတွေ့ရတဲ့ ကိစ္စက မိကျောင်းအတွက်ရော၊ လူတွေအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူးပေါ့။ အန္တရာယ် အရှိဆုံး အခြေအနေက ရွာသားတွေ နေ့စဥ်သွားလာနေတဲ့နေရာတွေ၊ ငါးငုပ်ပိုက်ထောင် နေရာ တွေ၊ ဓနိဖက်ခုတ်နေရာတွေမှာ မိကျောင်းခြေရာ၊ လက်ရာရှိနေပြီလား၊ အကယ်၍ ရှိနေရင်လည်း အတတ်နိုင်ဆုံးတော့ ဘယ်လိုယှဥ်တွဲအတူနေကြမလဲ စဥ်းစားရတာပေါ့။ ဧရာဝတီတိုင်း မိန်းမလှကျွန်းမှာဆိုရင် မိကျောင်းတွေ အများကြီးပဲ။ ဒေသခံတွေကလည်း စိတ်ညစ်တယ်။ အကိုက်ခံရတာရှိတယ်။ မိကျောင်းကို သတ်ရင်လည်း သစ်တောဌာနနဲ့ ငြိမယ်။ အဲဒီတော့ အခုနက ပြောသလို ဆိုင်းဘုတ်ထောင်၊ စောင့်ကြည့်ရမယ်ပေါ့။ အဲဒီဒေသကလူတွေပဲ ဝိုင်းလုပ်ရမှာပေါ့။ နောက်တစ်ခုက ဆောင်ရန်၊ ရှောင်ရန်လေးတွေ အချင်းချင်း မျှဝေထားရင်ပိုကောင်းတယ် ။ ဥပမာ မိကျောင်း မိတ်လိုက် သားပေါက်ရာသီမှာ မိကျောင်းတွေ့ထားတဲ့နေရာကို မသွားတာမျိုးပေါ့။ အဲဒီကာလတွေမှာပဲ လူအတွက် အန္တရာယ် အရှိဆုံး ပါ။ နောက်တစ်ခုက ရေချိုချောင်းထဲ မိကျောင်းဝင်ပြီး ကိုက်ဆွဲခံရတာက အင်မတန် ရှားပါးပါတယ်။ ရေချိုရေငန်စပ်တဲ့ ဒေသတွေမှာပဲ အဖြစ်များပါတယ်။ မိကျောင်းတွေ့တဲ့အခါ ကျောက်ခဲတွေ၊ တုတ်တွေနဲ့ သွားမပစ်ရဘူး ၊ အနီးကပ် သွားမကြည့်ရဘူး စသဖြင့် ရှောင်ရန်လေးတွေ သိထားသင့်တယ်။ မိကျောင်း တွေ့တဲ့အခါ ဖမ်းဆီး သတ်ဖြတ် ပစ်တာကလည်း အဖြေမဟုတ်နေဘူး။ ပြီးတော့ မိကျောင်းဟာ ဂေဟစနစ်အတွက်ရော၊ သမိုင်းဦးသက်ရှိအဖြစ် နိုင်ငံအတွက်ရော အရေးကြီးတဲ့ သတ္တဝါတစ်ကောင်အနေနဲ့ ရှူမြင်ပြီး ဘေးကင်းစွာနဲ့ အတူယှဥ်တွဲ နေထိုင်ဖို့ပဲလုပ်ရမယ် ။

DW ။ မိကျောင်းက ဂေဟစနစ်အတွက် ဘယ်လို အရေးပါတဲ့ သတ္တဝါလဲ ။

ဖြေ ။ မိကျောင်းဟာ သမိုင်းဦးသက်ရှိ သတ္တဝါတွေထဲမှာပါဝင်တယ်လို့ သိပ္ပံနယ်ပယ်၊ ဇီဝဗေဒနယ်ပယ်မှာ တင်စား ကြတယ်။ ဂေဟဗေဒ ၊ ကမ်းရိုးတန်း ဂေဟစနစ်တွေမှာ မိကျောင်းရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်။ များသော အားဖြင့် မိကျောင်းရဲ့ သားရေနဲ့အသားကို စားသုံးဖို့သော်လည်းကောင်း၊ အဝတ်အထည်၊ အသုံးအဆောင် အဖြစ် သော်လည်းကောင်း ရရှိဖို့ မိကျောင်းတွေကို သတ်ဖြတ်ရောင်းချခံရတာက များပါတယ်။ ဒါကြောင့်လည်း သဘာဝ တောရိုင်းသတ္တဝါထဲမှာ ရေငန်မိကျောင်းအရေအတွက်က အတော်လျော့နည်းလာတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ ဧရာဝတီတိုင်းမှာ မိကျောင်းထိန်းသိမ်းရေးရှိသေးတယ်။ ရန်ကုန်မှာလည်း မိကျောင်းထိန်းသိမ်းရေးစခန်းတွေရှိတယ်။ ဂေဟစနစ်မှာဆိုရင် မိကျောင်းက Umbrella Species (ဂေဟစနစ်၏ အကာအကွယ်ပေးသော မျိုးစိတ်) ထဲ မပါပေမယ့် သူရဲ့ပါဝင်ပတ်သက်မှုက ရှိနေတယ်။ မိကျောင်း စားသုံးတာက တောထဲမှာဆိုရင် မျောက်တို့ ၊ တောဝက်တို့ စသဖြင့် ပေါ့နော်။ ဂေဟစနစ်ထဲမှာ အသက်ကြီးပိုင်းရောက်နေပြီး နေမကောင်းတဲ့ သတ္တဝါတွေကို မိကျောင်းတွေက အစာအဖြစ် သတ်မှတ်လေ့ရှိတယ်။ အဓိကထား အမဲလိုက်တယ်။ မိကျောင်းက အရှင်ထက်အသေကို စားတာများတယ်။ အရှင်ကိုက် ဖမ်းပြီးရင်လည်း ပုပ်မှစားတယ်။ အသေကောင်၊ အပုပ်ကောင်တွေကို စားပေးခြင်းအားဖြင့် ရောဂါထိန်းချုပ်မှု မှာလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်။ အဲဒီလို တောထဲက ဂေဟစနစ်ထဲ လည်ပတ်နေတဲ့ အစာကွင်းဆက်ထဲက သတ္တဝါတွေ (မျောက်၊ တောဝက် စသဖြင့်) ကိုပါ လူတွေက စားသုံးလာကြတော့ တောရိုင်းသတ္တဝါအချင်းချင်း စားကျက် ပျောက်သွားတယ်။ လူတွေနေတဲ့နေရာတွေအနား ကို ရောက်လာကြတယ်။ လူတွေကတော့ ဒီမျိုးစိတ် (မိကျောင်းအပါအဝင် သားရဲမျိုးစိတ်) တွေ မရှိလည်းရပါတယ်လို့ တွေးကြတာများပါတယ်။ အန္တရာယ်များတယ်ဆိုတဲ့ အတွေးတွေကြောင့် ရှိလည်း မရှိစေချင်ကြဘူးလေ။ ဒါပေမဲ့ မိကျောင်းရဲ့ ဖြစ်တည်မှုပုံစံကို လေ့လာရမယ်ဆိုရင် နှစ်သန်းပေါင်း အတော် များများကနေ ပြောင်းလဲမှုနယ်ပယ်မှာ ကြံ့ခိုင်မှုပိုင်းအရ ကျန်ရစ်တဲ့ သတ္တဝါတစ်မျိုးဖြစ်တယ်။ အဲဒီလို သမိုင်းဦးသက်ရှိ တစ်ခုကို ကျွန်တော်တို့လက်ထဲမှာ ဖျောက်ပစ်တာ၊ ပျောက်သွားတာမျိုးတွေက တာဝန်မဲ့ရာ ကျပါတယ်။ နောက်တစ်ခုက ဒီရေတောတွေ၊ အမြဲစိမ်းတောတွေမှာဆိုရင် မိကျောင်းတွေက သူတို့ရဲ့ ခန္ဓာကိုယ် ကြီးကြီး မားမားနဲ့ သွားလာလှုပ်ရှား ပေးခြင်း အားဖြင့် ရေလမ်းကြောင်းသန့်ရှင်းစေတယ်။ ဒီရေတောတွေအတွက် အပင်အာဟာရ မြေဆီမြေနှစ်တွေကို နေရာအနှံ့ ပျံ့နှံ့မျှတစေတယ်။ အာဟာရဓာတ်တွေ အများကြီး တစ်နေရာတည်း စုနေတဲ့နေရာမှာ အပင်တွေ သတ္တဝါတွေက အကြာကြီးမရှင်သန်နိုင်ဘူး။ ဒါကြောင့်မျှတနေဖို့လိုတယ်။ မိကျောင်းဟာ အပုပ်ကောင်တွေကို စားတယ်၊ ပြီးတော့ အညစ်အကြေးစွန့်တယ်၊ အဲဒီလိုနည်းနဲ့လည်း အာဟာရဓာတ် ပျံ့နှံ့စေတယ် ။ အဲဒီအာဟာရတွေက ငါးသားပေါက်တွေ အတွက် အထောက်အကူဖြစ်တယ် ။ မိကျောင်းက ငါးကိုစားတယ်။ ဒါပေမဲ့ မိကျောင်းကြောင့် ငါးအရေအတွက် မလျော့သွားဘဲ ပြန်တိုးပွားစေတဲ့ အထောက်အပံ့ ဖြစ်တယ်လို့ သိပ္ပံသုတေသန မှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါကြောင့် မိကျောင်းတွေက ဂေဟစနစ်မှာဆိုရင် အာဟာရဓာတ်တွေ မျှတစေတဲ့ သတ္တဝါ ဖြစ်တယ်။