ထားဝယ်မြစ်အတွင်း ဇွန်လ ၂၃ရက်က မိကျောင်း တွေ့ရှိကြောင်း ကိုယ်တိုင်မျက်မြင်တွေ့ရှိသူက ပြောသည်။
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ဆီဘောအနီးနေထိုင်သည့် မိသားစုဝင်သုံးဦးသည် ဇွန်လ ၂၃ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်မြစ် ရေလယ်သောင်တွင် ဓနိလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ခဲ့ကြကြောင်း အဆိုပါမိသားစုထံမှ သိရသည်။
ယင်းသို့သွားရောက်ရာ မြစ်ကမ်းစပ်တွင် မိကျောင်းတစ်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မျက်မြင်တွေ့ရှိရသူ အသက် ၅၈နှစ်အရွယ်ရှိ ဦးအောင်ရွှေက ပြောသည်။
“ကျွန်တော် အသက် ၁၈ နှစ်ကတဲ့ ဓနိလုပ်ငန်းလုပ်လာတာ အခု အရွယ်ထိ တစ်ခါမှာ ထားဝယ်မြစ်ထဲ မိကျောင်း တွေ့တယ် လို့လည်း မမြင်ဖူးဘူး ကြားလည်း မကြားဖူးဘူး။ လှေသံကြားတော့မှ မျက်လုံးဖွင့်လိုက်တယ်။ ကျွန်တော်တို့လည်း အံ့ဩ နေတယ်။ တစ်ခါမှာ မတွေ့ရဖူးတော့ တစ်သက်တစ်ကိုယ်” ဟု ၎င်းက ဆိုသည်။
မိကျောင်း တွေ့ရှိသည့်နေရာမှာ ထားဝယ်မြစ်လယ် ရေလယ်သောင်၏ လောင်းလုံးဘက်ခြမ်း သောင်ကမ်းစပ်တွင် ဖြစ်ပြီး နံက်ပိုင်းတွင် တစ်ကောင် တွေ့ရှိခဲ့ပြီး ညနေပိုင်းတွင်လည်း တစ်ကောင်တွေ့ကြောင်း ဦးအောင်ရွှေက ပြောဆိုသည်။
“ပထမ မိုးလင်းပိုင်း တွေ့တဲ့ကောင်က အလျား (လက်လံ) လေးလံလောက်ရှိတယ်။ ညနေပိုင်းအပြန်မှာ ပထမတွေ့တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ တစ်ကောင်ထပ်တွေ့တယ်။ အဲဒီအကောင်က ငယ်တယ်။ အလျား နှစ်လံလောက်ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ညနေပိုင်းတွင် တွေ့ရှိသည့် မိကျောင်းတစ်ကောင်ကိုမူ ၎င်း၏ သမီးဖြစ်သူက ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခဲ့ကြောင်း ဦးအောင်ရွှေက ပြောသည်။







